နာမည်ကြီးသီချင်းတွေကိုCover Song အဖြစ်ပြန်လည်အသက်သွင်းလိုသူတွေအနေနဲ့ သီချင်းအပေါ်ချစ်မြတ်နိုးတဲ့စိတ်နဲ့အတူ မူရင်းအဆိုရှင်ကိုပါ တင်ဆက်ပုံတွေကိုကြိုတင်ပြသ သင့်တဲ့အကြောင်းကို အဆိုတော်ကြီးဒေါ်ချိုဝင်းလွင်ရဲ့သားဖြစ်သူ ဂီတမှုးဦးမြတ်မင်းကဖြေကြားလာပါတယ်။
အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့်ရဲ့နာမည်ကြီးသီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့ "တောသူအချစ်"သီချင်းကို လတ်တလောမှာ တက်သစ်စအဆိုရှင် သက်မွန်ထက်ရဲ့ သီဆိုမှုမှာ သီချင်းနဲ့မလိုက်ဖက်တဲ့ကပြဖျော်ဖြေနေတယ်လို့ ဝေဖန်သံတွေမြင့်တက်ခဲ့ပါတယ်။
အဲဒီလိုဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး ဂီတမှုးဦးမြတ်မင်းက
"ခွင့်ပြုချက်တောင်းပြီး ခွင့်ပြုချက်ရပြီဆိုတဲ့ အခါမှာ ကိုယ်လုပ်ချင်တိုင်းလုပ်လို့မရဘူး ဝါသနာရှင်ပဲ ဖြစ်ဖြစ် ပညာရှင်ပဲ ဖြစ်ဖြစ် မူရင်းသီချင်းကိုပြန်ပြီး ဖော်ထုတ်မယ်ဆိုလို့ရှိရင် မဖွယ်မရာမအပ်မစပ်တွေတော့မဖြစ်အောင် သတိထားရမှာပေါ့လေ။ ခွင့်ပြုတဲ့သူအနေနဲ့လည်း ဘယ်မှာတင်မှာလဲ။ ဘယ်လိုတင်ဆက်မှာလဲ။ Performance ကဘယ်လိုလဲ။ အဲ့ဒီဟာလေးတွေ မေးထားဖို့လိုတာပေါ့။ Music Video ရိုက်ထားတယ်ဆိုရင်လည်း ရိုက်ထားတဲ့Video Clipလေးကို မတင်ခင်မှာပိုင်ရှင်ကိုပြပေးဖို့လိုတာပေါ့နော်။ အဲ့လိုမျိုးလေးတွေဆိုရင်တော့နှစ်ဦးနှစ်ဖက်အဆင်ပြေတာပေါ့" ဆိုပြီး ဦးမြတ်မင်းကပြောပြလာပါတယ္။
နာမည်ကြီးသီချင်းဟောင်းတွေကိုပြန်လည်သီဆိုဖော်ပြလိုသူတွေနေနဲ့သီချင်းကို အမှန်တကယ်ချစ်မြတ်နိုးဖို့လိုပြီး အောင်မြင်ကျော်ကြားဖို့အတွက် သီချင်းကိုအသုံးမချစေလိုကြောင်းကိုလည်းထပ်မံပြောပြထားပါတယ်။
"ဦးအမြင်ကတော့သီချင်းတစ်ပုဒ်ကိုပြန်ဆိုမယ်ဆိုရင် အဲဒီသီချင်းကို ကြိုက်ကိုကြိုက်ရမယ်။ မကြိုက်ဘဲနဲ့ပြန်ဆိုလို့ရှိရင် အလုပ်သဘောဖြစ်သွားမယ်။ ကိုယ့်ကျော်ကြားမှူအတွက် အဲဒီသီချင်းကို အသုံးချသလိုဖြစ်သွားတတ်တယ်။ တစ်ယောက်ယောက်ကစျေးကွက်အတွက်ရောင်းဖို့ ကျော်ကြားဖို့အတွက် အကြောင်းပြချက်တစ်ခုခုအတွက်ဆိုရင်အဲ့ဒီသီချင်းကအရသာကိုမရှိဘူး။ သီချင်းရဲ့အရသာလည်းပျက်တယ်။ တန်ဖိုးလည်းပျက်တာပေါ့နော်။ ဒီသီချင်းကိုမြတ်နိုးတဲ့ တခြားသူတွေကို စော်ကားသလိုဖြစ်တယ်။ အဲဒါလေးကိုတော့သတိထားစေချင်ပါတယ်"လို့ပြောပြထားပါတယ်။
ဂီတမှုး ဦးမြတ်မင်းကတော့ စန္ဒရားဦးလှထွတ်နဲ့ အဆိုတော်ကြီး ဒေါ်ချိုဝေလွင်တို့ရဲ့မျိုးဆက်ဖြစ်ပြီး ဂီတဥ္ဇလီရဲ့ဂီတမှုးတစ်ဦးလည်းဖြစ်ပါတယ်။
တောသူအချစ်သီချင်းကတော့ အငြိမ့်မင်းသမီးကြီး ပန်တျာဒေါ်တင်တင်မြင့်ရဲ့ပထမဆုံးဓာတ်ပြားသီချင်းတစ်ပုဒ်ဖြစ်ပြီး ဂီတစာဆိုဦးသက်ဦးကရေးသားထားတာဖြစ်ပါတယ်။
"တောသူအချစ်"သီချင်းလေးကတော့ ရိုးရိုးသားသားနဲ့ဟန်ဆောင်မှုကင်းတဲ့ အရိုးခံတောသူလေးတစ်ဦးအကြောင်းကိုလှလှပပရေးဖွဲ့သီဆိုထားတဲ့သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပြီး အဆိုတော်များစွာနဲ့အငြိမ့်မင်းသမီးများစွာတို့ကပြန်လည်သီဆိုထားခဲ့ကြပါတယ်။
Share