(၅)ရက်အတွင်း (၂၂)ဦး ဖမ်းဆီးရမိခဲ့တာပါ။

သြဂုတ်လ( ၆)ရက်နေ့ကနေ (၁၀)ရက်နေ့ထိ (၅)ရက်အတွင်းမှာ မြန်မာနိုင်ငံထဲကိုခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား (၂၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ပြန်ကြားရေး သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မူဆယ်မြို့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သြဂုတ်လ(၆)ရက်နေ့က (၉)ဦး ၊ သြဂုတ်လ(၈) ရက်နေ့က(၃)ဦးနဲ့ ာ သြဂုတ်လ(၁၀)ရက်နေ့က (၉)ဦး စုစုပေါင်း (၂၂)ဦးကို ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသားတွေကိုတော့ မူဆယ်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

" ခိုးဝင်တာကတော့ အရင်ကတည်းကဖြစ်နေတဲ့ကိစ္စပါ။ အခုထိလည်းရှိနေပါသေးတယ်။ မလုံတဲ့ ဂိတ်ပေါက်တွေကလည်း အများကြီး။ မူဆယ်ဘက်မှာက လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းရှိတော့ လုံခြုံရေးပိုင်းနဲ့ ပြောမယ်ဆိုရင် အရမ်းအားနည်းတယ်။ ထိထိရောက်ရောက်တင်းကြပ်လုပ်ဆောင်တာတွေမရှိတော့ ခိုးဝင်ပြဿနာတွေက ရှိနေဦးမှာပဲ" လို့  မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်း ပရဟိတအဖွဲ့ ဥက္ကဌ ဦးသောင်းထွန်းက Duwun ကိုပြောပါတယ်။ 

တရုတ်နိုင်ငံသားတွေအနေနဲ့ က လုံခြုံရေးတင်းကြပ်မှုမရှိတဲ့အတွက် ခိုးဝင်လို့ရတဲ့ နေရာတွေအားလုံးကနေ ခိုးဝင်လျှက်ရှိတယ်လို့ သိရပါတယ်။ 

သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုယ်တိုင်က တင်းကြပ်စွာလုပ်ဆောင်နိုင်ခြင်းမရှိတဲ့အတွက် ခိုးဝင်တွေကို ထိန်းချုပ်နိုင်ဖို့ကတော့ အခက်အခဲရှိတယ်လို့ ဦးသောင်းထွန်းကပြောပါတယ်။ တရားမဝင်တရုတ်နိုင်ငံသားတွေဟာ မူဆယ်၊ နမ့်ခမ်း၊ ကျူကုတ်၊ ပန်ဆိုင်းစတဲ့ တရုတ်နိုင်ငံနဲ့ နယ်နမိတ် ချင်းထိစပ်နေတဲ့ ဒေသတွေ၊ ရွှေလီမြစ်ခြားတဲ့ နေရာတွေကနေ အများဆုံးခိုးဝင်လျှက်ရှိနေတယ်လို့ သိရပါတယ်။

ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသားတွေက နယ်စပ်ဂိတ်ပေါက်တွေကနေဖြတ်ကျော်ပြီး ကျေးရွာချင်းဆက်လမ်းတွေတစ်လျှောက် ဝင်ရောက်ကာ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေအထိသွားရောက်နေထိုင်လျှက်ရှိတယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က