မန္တလေးတိုင်းအစိုးရက ပိတ်ချင်းမြောင်ရဲစခန်းအနီးမှာ မူးယစ်ဆေးဝါးရှာဖွေတဲ့ X Ray စက်ထားရှိမယ့် အစီအစဉ်ကြောင့် ရွာသူရွာသားတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအုပ်စု ပိတ်ချင်းမြောင်နယ်မြေရဲစခန်းအနီးမှာ မူးယစ်ဆေးဝါးရှာဖွေတဲ့ X Ray စက်ထားရှိဆောင်ရွက်မယ့်အစီအစဉ်ကို တိုင်းဒေသကြီးအစိုးရက အခုနှစ်အစောပိုင်းက စီစဉ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းက ပြင်ဦးလွင်မြို့နယ်မှာ မူးယစ်ဆေးဝါးစစ်ဆေးတဲ့ X Ray စက် ပစ်ခတ်ခံရမှု ဖြစ်စဉ်နဲ့ တပ်မတော်နည်းပညာတက္ကသိုလ် ပစ်ခတ်ခံရမှုဖြစ်စဉ်တွေကြောင့် ရွာသူရွာသားတွေက X Ray စက်ထားရှိမယ့်အပေါ် ကန့်ကွက်နေကြပါတယ်။
“ လုံခြုံရေးကောင်းတဲ့ တပ်မတော်နည်းပညာတက္ကသိုလ်တောင် ပစ်ခတ်ခံရတာ။ ကျွန်တော်တို့ ကျေးရွာဆိုရင် ပိုပြီးတောင်မှ လုံခြုံမှုမရှိပါဘူး။ အဲဒီအတွက် X Ray စက်တည်ဆောက်မယ့်နေရာလေး ရွှေ့ပြောင်းပြီး လုပ်ပေးစေချင်ပါတယ်။ ရွာနဲ့ အလှမ်းဝေးတဲ့နေရာမှာ တည်ဆောက်ပေးပါ။“ လို့ ဝက်ဝံဘူတာကျေးရွာမှ ဒေသခံ ဦးမောင်လေးက Duwun ကိုပြောပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါမှာ ဝက်ဝံကျေးရွာအုပ်စု၊ ကျေးရွာပေါင်း (၉) ရွာရှိတဲ့အနက် တစ်ချို့ကျေးရွာတွေက ကျောင်းသားကျောင်းသူတွေ ကျောင်းသွားကျောင်းပြန်အခက်အခဲဖြစ်ရသလို ပိတ်ချင်းမြောင် မဟာနန္ဒမှုလိုဏ်ဂူတော် လူစည်ကားတဲ့ရက်တွေမှာလည်း ယာဉ်တန်းပိတ်ဆို့မှုတွေဖြစ်ရတယ်လို့ ဒေသခံအချို့က Duwun ကိုပြောပြပါတယ်။
“ ဒီနေရာကလေးတွေ ကျောင်းသွားကျောင်းပြန် လုပ်ကြတဲ့နေရာ။ ဒီစက်ကြီးထားလိုက်လို့ အမြဲစစ်ဆေးနေရင် လမ်းကပိတ်ဆို့တာတွေ ဖြစ်လာနိုင်တယ်။ “ လို့ ဝက်ဝံတောရကျောင်းတိုက်မှ ဆရာတော် ဦးဝိသုဒက ဆိုပါတယ်။
အထူးသဖြင့် ဒီဒေသဟာ တရုတ်ပြည်နဲ့ကုန်သွယ်လမ်းကြောင်းပေါ်မှာတည်ရှိတာကြောင့် ကုန်တင်ယာဉ်တန်း ပိတ်ဆို့တဲ့အခါတွေမှာ ကျေးရွာအဝင်ကနေအဆုံးအထိ ယာဉ်တန်းရှည်လျားစွာပိတ်ဆို့မှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီလို X Ray စက်ထားရှိရခြင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အဓိက ရည်ရွယ်ပြီး မူးယစ်ဆေးဝါးဝင်ရောက်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့စေချင်တာကြောင့်လို့ ပြင်ဦးလွင်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ဆိုပါတယ်။
“ မူးယစ်ဆေးဝါး ပပျောက်ဖို့ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ရာမှာ အဓိက ဝင်တဲ့လမ်းကြောင်း ဝင်ပေါက်တွေမှာခေတ်မီ X Ray စက်တွေ ထားရှိဖို့ လိုအပ်တာပေါ့။ ဒေသခံတွေက X Ray စက်ထားရင် အန္တရာယ်များမယ်ဆိုပြီး ကန့်ကွက်စာတင်ထားတယ်။ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီးလုပ်ရမှာပေါ့” လို့ ဦးအောင်မင်းက ဆိုပါတယ်။
အဆိုပါ X Ray စက်ကို ယခင်က ပိတ်ချင်းမြောင်နယ်မြေရဲစခန်းရှေ့မှာ Mobile စနစ်နဲ့ ယာယီထားရှိတဲ့ကာလတွေမှာတောင် အဲဒီလိုအခက်အခဲတွေနဲ့နေ့စဉ်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဒါကြောင့် အခုလက်ရှိ X Ray စက် အပြီးတိုင်ထားရှိမယ့်အစီအစဉ် ကန့်ကွက်လွှာကို မန္တလေးတိုင်းဝန်ကြီးချုပ်အပါအဝင် သာသနာရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေကို ဒေသခံ ရွာသူရွာသားတွေက ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
Share