မူးယစ်ဆေးသုံးစွဲမှုက ပွဲလမ်းသဘင်လိုဖြစ်နေ

ကောလင်းမြို့နယ် ကျွန်းလှကုန်းကျေးရွာမှာ ခြောက်တန်း၊ခုနှစ်တန်း ကလေးအရွယ်က အစ မူးယစ်ဆေးဝါးတွေကို ပွဲလမ်းသဘင်လို အသုံးပြုနေကြပြီး မူးယစ်ဆေးဝါးရှော့ခ်ဖြစ်ပြီး သေဆုံးသူတွေလည်း များပြားနေကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်မိမိကြီးက စစ်တိုင်းတိုင်းဝန်ကြီးချုပ်ကို တင်ပြခဲ့ပါတယ်။

Photo- Sagaing Region Government Office

ဒီဇင်ဘာ (၁၅) ရက်က စစ်ကိုင်းတိုင်းကောလင်းမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းအစိုးရနဲ့ ဒေသခံပြည်သူတွေ တွေ့ဆုံပွဲမှာ ကျွန်းလှကုန်းရွာ ဒေသခံ ဒေါ်မိမိကြီးက မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆေးထိုးအပ်တွေကို ပုံးနဲ့ အပြည့်ကောက်ယူလာခဲ့ပြီး ဝန်ကြီးချုပ်ကို တင်ပြခဲ့ပါတယ်။

“ကျွန်မတို့ရွာမှာ နေ့ရောညရော မူးယစ်ဆေးဝါး၊ နံပတ်ဖိုးတွေ နင်းကန်သုံးပြီး သွေးစသွေးနတွေနဲ့၊ ဒါကျွန်မမနက်ခင်းက ကောက်လာတာပါ။ မယုံရင် အစိုးရဝန်ကြီးများအဖွဲ့မယုံရင် ကျွန်မနဲ့ လိုက်ပြီး အပ်ကောက်ပွဲကျင်းပလို့ရပါတယ်။ ” လို့ ကောလင်းဒေသခံ ဒေါ်မိမိကြီးက ဆေးထိုးအပ်ထည့်ထားတဲ့ပုံးကို ပြပြီး ဝန်ကြီးချုပ်ကို တိုင်ကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က အခုလိုတင်ပြခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဖို့ မကြာခဏပြောထားရက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဘာလုပ်နေသလဲလို့ ကြိမ်းမောင်းပြောဆိုသွားခဲ့ပါတယ်။

“ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လုပ်ပါ။ ကိုယ့်သားသမီး၊ ကိုယ့်ဆွေမျိုးရောင်းတာပဲဖြစ်ဖြစ် သတင်းပေးပါ။ လို့ ငါခဏခဏပြောတယ်။ အုပ်ချုပ်ရေးမှူးတွေဘာလုပ်နေလဲ။ ဒီကိစ္စကို စာတင်ပါ” ဆိုပြီး သက်ဆိုင်ရာဌာနတွေကို ဆူပူကြိမ်းမောင်းပြောဆိုသွားခဲ့ပါတယ်။

ဒီလိုဖြစ်ပျက်နေတဲ့ကိစ္စတွေကို ဒေသခံတွေက သက်ဆိုင်ရာတိုင်းအစိုးရကို သတင်းပေးတိုင်ကြားနိုင်ပြီး စစ်ဆေးပြီး မှန်ကန်တယ်ဆိုပါက တာဝန်ရှိသူတွေကို အဆင့်ဆင့်အရေးယူသွားမယ်လို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောကြားခဲ့ပါတယ်။

“ တာဝန်ရှိသူတွေအလုပ်မလုပ်ဘူးဆိုရင် တိုင်းအစိုးရကို တင်ပေးပါ။ ကျွန်တော်တို့က ဒီရောက်မှ သိရတာဖြစ်နေတယ်။ အခု ပြောလိုက်လို့ ဒေါ်မိမိကြီးအနေနဲ့ အသက်အန္တရာယ်ရှိနိုင်တယ်။ ပြည်သူလူထုတွေက တင်ပြလို့ ဒီမှာရှိတဲ့သူတွေက မလုပ်ဘူးဆိုရင် ကျွန်တော်တို့က အခြားဌာနတွေကို ဆင့်ခိုင်းမယ်။ အခုတင်ပြတဲ့ ကိစ္စကိုလည်းစစ်ဆေးမယ်။ မှန်တယ်ဆိုရင် တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူမယ်” လို့ ဗိုလ်မှူးကြီးသန်းထွန်းအောင်ကဆိုပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့တွေဟာ စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို သွားရောက်ပြီး ဒေသခံလူထုနဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က