အာဖရိကမှာ ဝက်သက်ဖြစ်ပွားမှု ၇၀၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ပထမ သုံးလအတွင်း ကမ္ဘာတစ်ဝှမ်း ဝက်သက်ရောဂါ ဖြစ်ပွားမှုဟာ ယမန်နှစ် ကာလတူအချိန်ကထက် သုံးဆပိုများလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ထုတ်ပြန်ချက်အရ သိရပါတယ်။

(Photo: Jim Goodson/Science Photo Liberary)

WHO ရဲ့ လတ်တလော စာရင်းအချက်အလက်တွေအရ ကမ္ဘာ့နေရာဒေသအားလုံးမှာ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ စာရင်းတွေအရ ၂၀၁၉ ခုနှစ် ဧပြီလအထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ မှာ ဝက်သက်ဖြစ်ပွားမှု ၁၁၂,၁၆၃ ခုရှိခဲ့ပြီး ယမန်နှစ် ထိုအချိန်ကာလမှာတော့ ဝက်သက်ဖြစ်ပွားမှုဟာ ကမ္ဘာတစ်ဝှမ်း ၂၈,၁၂၄ ခုသာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း ဝက်သက်ရောဂါ ဖြစ်ပွားမှု ၁၀ ခုမှာ တစ်ခုကိုသာ သတင်းပေးပို့ မှတ်တမ်းတင်ခဲ့တာကြောင့်လည်း အမှန်တစ်ကယ် အရေအတွက်ဟာ ပိုများနိုင်ဖွယ်ရှိတယ်လို့လည်း WHO က ပြောပါတယ်။ ယူကရိန်း၊ မာဒါဂါစကာနဲ့ အိန္ဒိယတို့မှာ ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးဖြစ်ခဲ့ပြီး လူတစ်သန်းလျှင် သောင်းဂဏန်းအရေအတွက်အထိ ဝက်သက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AP)

အရှေ့အာဖရိကရှိ မာဒါဂါစကာ တစ်နိုင်ငံတည်းမှာပင် ယမန်နှစ် စက်တင်ဘာလမှစပြီး ဝက်သက်ကြောင့် လူ ၈၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ အာဖရိကမှာ ဝက်သက်ဖြစ်ပွားမှုဟာ ၇၀၀ ရာခိုင်နှုန်းအထိ အလွန်သိသာစွာ မြင့်တက်ခဲ့တယ်လို့လည်း BBC သတင်းက ဖော်ပြထားပါတယ်။ ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့ဟာ ဘရာဇီး၊ ပါကစ္စတန်နဲ့ ယီမင် နိုင်ငံတို့မှာလည်း ဖြစ်ပွားခဲ့ပြီး ကလေးငယ်အများစု အပါအဝင် သေဆုံးမှုအများအပြား ရှိခဲ့ပါတယ်။

ယခုနှစ် ဝက်သက်ဖြစ်ပွားမှုဟာ ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးထားတဲ့ အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့မှာလည်း မြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။ ဝက်သက်ရောဂါကို မှန်ကန်တဲ့ ကာကွယ်ဆေးတွေနဲ့ အပြည့်အဝ ကာကွယ်နိုင်ကြောင်း၊ သို့သော် ကူးစက်ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန် ပထမအဆင့် ကာကွယ်ဆေးထိုးနှံမှုဟာ ၉၅ ရာခိုင်နှုန်း လွှမ်းခြုံရန်လိုအပ်ပေမဲ့ ၈၅ ရာခိုင်နှုန်းမှာ ရပ်တန့်နေခဲ့ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

(Photo: Getty Images)

အရှေ့တောင်အာရှ နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာလည်း ယခုနှစ် အစောပိုင်းက ဝက်သက်ကြောင့် လူသေဆုံးမှုတွေဖြစ်ခဲ့ပြီးနောက် ဝက်သက်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေကြောင်း ကြေညာခဲ့ရပါတယ်။ ထို့အတူ မြန်မာနိုင်ငံမှာလည်း ယခုနှစ် အစောပိုင်းကာလများအတွင်း ဝက်သက်ရောဂါ ဖြစ်ပွားမှုတွေရှိခဲ့ပြီး ကပ်ရောဂါအသွင် ကူးစက်ဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၇ မြို့နယ်မှာ ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ ဝက်သက်ရောဂါ ကပ်အသွင် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

(Photo: 123rf.com)

ဝက်သက်ရောဂါဟာ ကူးစက်မှုနှုန်းမြင့်မားပြီး လေမှတစ်ဆင့် ကူးစက်နိုင်တာကြောင့် ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ကနေ အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ကြောင်း သိရပါတယ်။ ကနဦး ရောဂါလက္ခဏာတွေမှာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းနဲ့ မျက်လုံးများ နီရဲခြင်းတို့ဖြစ်ပါတယ်။  ရောဂါ ပြင်းထန်ပါက ပြင်းထန်စွာ အဆုတ်ရောင်ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း၊ ဦးနှောက်ရောင်ခြင်းတွေ ဖြစ်ပေါ်တတ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

Share

Loading Next Article...
က္က