၂၀၁၇-၁၈ စည်းကြပ်နှစ်မှာ အခွန်ငွေ အများဆုံးပေးဆောင်ခဲ့တဲ့ ကုမ္ပဏီတွေကို နိုင်ငံတော်သမ္မတကိုယ်တိုင် ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့တယ်လို့ သမ္မတရုံးက ဇန်နဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
Photo - Ooredoo Myanmar
ဝင်ငွေခွန် အများဆုံးပေးဆောင်တဲ့ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ရွှေတောင်ကုမ္ပဏီ၊ အပြည်ပြည်ဆိုင်ရာ အဖျော်ယမကာရောင်းဝယ်ရေးကုမ္ပဏီ၊ ဧရာဝတီဘဏ်၊ မြန်မာ့စပျစ်နဲ့ အဖျော်ယမကာကုမ္ပဏီ၊ သမဝါယမဘဏ်၊ မြဝတီထရေးဒင်းနဲ့ မြန်မာ့သြဘာ ကုမ္ပဏီတို့ကို ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါတယ်။
ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့တဲ့ ဒန်ကိုရောင်းဝယ်ရေး၊ စီးတီးမတ်ဟိုး(လ်)ဒင်း အပါအဝင် မြန်မာကုမ္ပဏီလုပ်ငန်းရှင်တွေကိုလည်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် အထူးကုန်စည်ခွန်ပေးဆောင်ခဲ့ကြတဲ့ မြန်မာကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီတွေဖြစ်တဲ့ Telenor, Ooredoo, Myanmar Brewery Ltd., Hydropower Co. Ltd., Virginia Taobacco Co. Ltd. တို့ကိုလည်း ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့ပါတယ်။
ပြည်တွင်းမှာ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ Ooredoo ကုမ္ပဏီအနေနဲ့လည်း အခွန်ပေးဆောင်ခြင်းအတွက် ဂုဏ်ပြုလက်မှတ်ရရှိခဲ့တာဖြစ်ပြီးတော့ ၂၀၁၇-၂၀၁၉ စည်းကြပ်နှစ်အတွင်းမှာ စုစုပေါင်းငွေကျပ် ၂၃.၉၉ ဘီလီယံကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ်ပေးဆောင်ခဲ့တာကြောင့် အဆိုပါ စည်းကြပ်နှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားကုမ္ပဏီများအကြားမှာ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်တဲ့ ထိပ်တန်းကုမ္ပဏီ(၂) ခုစာရင်းမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။