၂၀၁၉ ခုနှစ်အတွင်း ဖက်ရှင်ရေစီးကြောင်းမှာ ခေတ်စားခဲ့တဲ့ အဝတ်အစားဒီဇိုင်းပေါင်းများစွာထဲက မဒီတွေ လည်း သဘောကျနှစ်ခြိုက်ခဲ့ကြသလို trend အရလည်း ဒီတစ်နှစ်အတွင်းသာမက၂၀၂၀ ထိပါ ဆက်ပြီး ပေါ်ပြူလာဖြစ်နေဦးမယ့် ဘောင်းဘီအမျိုးအစားတွေ ရှိနေပါတယ်။
၂၀၁၈မတိုင်ခင် နှစ်များစွာမှာဆိုရင် မဒီတွေဟာ skinny jeans ဘောင်းဘီတွေ၊ Ripped Jeans တွေ နဲ့ စတိုင်ဘောင်းဘီတွေ ကိုသာ ပုံသေဝတ်ဆင်လေ့ရှိခဲ့ပေမယ့် ၂၀၁၈နဲ့၂၀၁၉ ဝန်းကျင်မှာတော့ ဂျင်းတွေထဲမှာမှ ကိုယ့်အတွက် သက်သောင့်သက်သာလည်းရှိပြီး အပေါ်၊အောက်တွဲစပ်မှုအတွက်လည်း အဆင်ပြေမယ့် Boyfriend Jeans လို နည်းနည်းပွတဲ့ ဘောင်းဘီမျိုးတွေ ပိုမိုရွေးချယ်လာကြပါတယ်။ အခု ၂၀၁၉နှစ်အတွင်းမှာတော့ ဂျင်းထဲမှာမှ Wide Pant လို အကားတွေ၊ ခါးအမြင့်နဲ့ အောက်ကလည်း ပွပွချောင်ချောင် ဘောင်းဘီမျိုးတွေ၊ နောက် Flare လို အောက်ပိုင်းကားတဲ့ ဘောင်းဘီမျိုးလေးတွေ တော်တော်လေး ရေပန်းစားလာခဲ့ပါတယ်။
အတိအကျ ပြောရရင်တော့ ၂၀၁၉နှစ်အတွင်း မြန်မာနိုင်ငံက မဒီတွေ အဝယ်များပြီး OS တွေမှာ အော်ဒါတော်တော်လေးတက်တဲ့ ဘောင်းဘီအမျိုးအစားတွေကတော့ Track pant ၊ Flare pant ၊ Townes Trouser နဲ့ Cargo pant တွေပဲ ဖြစ်ပါတယ်။ ပိုရှင်းသွားအောင် ဘောင်းဘီအမျိုးအစား တစ်ခုချင်းစီအကြောင်းလေး နည်းနည်းပြောပြပေးချင်ပါတယ်။
Track Pant
အရင်က Track Pant တွေဆိုရင် အားကစားလုပ်တဲ့အခါ၊ အိမ်မှာနေရင်းအချိန်တွေလောက်သာ ဝတ်ဆင်ခဲ့ကြပေမယ့် အခုခါမှာတော့ သူ့ကိုပွဲတက်အထိပါ အမိုက်စားတွဲဖက်ဆင်မြန်းလာကြပါပြီ။ ဒါကလည်း နိုင်ငံတကာကအနုပညာရှင်တွေ၊ ဖက်ရှင်ဘလော့ကာတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် Track pant ဘောင်းဘီအမျိုးအစားတွေဟာ တကျော့ပြန်ခေတ်စားလာခြင်းဖြစ်ပြီး ဒီဇိုင်းတွေပါ ဆန်းသစ်ရောင်းချလာတာကို တွေ့ရပါတယ်။ Track pant ကိုမှ အောက်နားအကားလေးတွေ၊ ဘေးခွဲ ဒီဇိုင်းတွေအပြင် ဘေးလိုင်းစင်းတွေကိုမှ ကာလာစုံ ဈေးကွက်ထဲ တွေ့လာရပါတယ်။
ကိုယ့်မှာ Track pant တစ်ထည်သာရှိရင် သူ့ကို hoodie ၊ pullover tee ၊ တီရှပ်၊ ရှပ်အကျီလေးတွေနဲ့ ပေါ့ပေါ့ပါးပါး တွဲဝတ်နိုင်သလို ပိုအထာကျအောင် jacket ၊ blazer လေးတွေကိုပါ ထပ်ဝတ်နိုင်သေးတာပါ။ ဒါ့အပြင် ဆွယ်တာအပွကြီးတွေ၊ ဘလောက်စ်အပွတွေ နဲ့တွဲဝတ်လည်း လိုက်ပါတယ်။ ချစ်စရာကောင်းတဲ့ ပုံစံမျိုးလေး လိုချင်ရင်တော့ Crop top၊ Shoulder Off စတာတွေနဲ့ ဆင်မြန်းပါ။ ဖိနပ်ကိုတော့ ကိုယ်နှစ်သက်ရာ shoe၊ canvas တွေနဲ့သာမက အရောင်တောက်တောက် ဒေါက်မြင့်တွေနဲ့လည်း တွဲစီးနိုင်ပါတယ်။
သူ့ကို ပိန်တဲ့သူတွေရော၊ ပြည့်တဲ့သူတွေပါ အဆင်ပြေပြေဝတ်ဆင်နိုင်ပါတယ်။ ကိုယ်က အရပ်နည်းနည်းပုတဲ့သူဆိုရင်တော့ သိပ်ပွတာမျိုးမရွေးဘဲ ဖိနပ်ကိုလည်း အမြင့်လေး စီးဖို့တိုက်တွန်းချင်ပါတယ်။
Flare Pant
Flare ဘောင်းဘီလို့ခေါ်သလို Bell ဘောင်းဘီ၊ ခေါင်းလောင်းဘောင်းဘီလို့လည်းခေါ်တဲ့ ဘောင်းဘီအမျိုးအစားတွေဟာ ၁၉၇၀ ပြည့်နှစ်လောက်ကတည်း တအားခေတ်စားခဲ့တဲ့ ဘောင်းဘီဒီဇိုင်းတွေပေါ့။ ၂၀၁၄ခုနှစ်ကတည်းက တကျော့ပြန်ခေတ်စားလာတဲ့ ဒီဘောင်းဘီဟာ အခုလက်ရှိလည်း မဒီတွေကြား ပေါ်ပြူလာဖြစ်နေဆဲပါ။ နိုင်ငံတကာမှာဆို ဖျော်ဖြေပွဲတွေ သွားတဲ့အခါ ဒီလိုဘောင်းဘီမျိုးတွေ ဝတ်ပြီးသွားတဲ့ အမိုက်စားကောင်မလေးတွေကို မကြာခဏ မြင်တွေ့ရပါတယ်။ အခု မဒီတွေအရူးအမူးဖြစ်နေတဲ့ boho fashion ပုံစံဝတ်ဆင်မယ် ဆိုရင်လည်း ဒီ Flareဘောင်းဘီတွေက မပါမဖြစ် မတွဲမဖြစ်လေ။
ကိုယ့်မှာခေါင်းလောင်းဘောင်းဘီတစ်ထည်ရှိရင် သူ့ကို အလွယ်ဆုံးတွဲစပ်နိုင်တာကတော့ crop top လေးတွေ၊shoulder offလေးတွေ၊ လက်ပြတ် tee အပါးလေးတွေ နဲ့တီရှပ်ကိုမှ ခါးစည်းဝတ်ပြီးတော့ ဆင်မြန်းဖို့ ပြောချင်ပါတယ်။ ဝတ်ရဲရင်တော့ ကာလာတောက်တာလေးတွေနဲ့ သူ့ကိုတွဲဝတ်ပစ်လိုက်ပါ။ သူနဲ့ တွဲစီးရမယ့် ဖိနပ်ကတော့ Flat sandal ၊ ankle boot စတာတွေနဲ့ပေါ့။ ကိုယ်ရွေးထားတဲ့ ဘောင်းဘီက ထင်တာထက် နည်းနည်းရှည်နေမယ်ဆိုရင်တော့ မြင့်တဲ့ဖိနပ်လေး မဖြစ်မနေရွေးစီးပါ။ Flare ဘောင်းဘီတွေဝတ်တဲ့အခါ အဆင်တန်ဆာအနေနဲ့ ဆွဲကြိုးဆို ခပ်ကြီးကြီး ခပ်မိုပ်မိုက် statement necklace တွေ၊ လက်စွပ်ခပ်ကြီးကြီးတွေ နဲ့ လက်ပတ်ကြိုး လက်ကောက်ကွင်း ခပ်များများနဲ့ ရှုပ်နေအောင် ဆင်မြန်းနိုင်လေ အထာကျလေလေပါပဲ။
Flare ဘောင်းဘီတွေက ကိုယ့်ကိုရှိရင်းစွဲအရပ်ထက် ပိုရှည်ပြီးသွယ်သယောင်ဖြစ်စေတဲ့အတွက် ပုတဲ့သူတွေလည်း ဝတ်နိုင်ပါတယ်။ ပြည့်တဲ့သူ၊ ပိန်တဲ့သူ ဘယ်သူမဆို ဝတ်ဆင်နိုင်ပါတယ်။ တစ်ခုက ဘောင်းဘီအရှည်က တအားရှည်နေမယ်ဆိုရင်တော့ လမ်းလျှောက်တဲ့အခါ အောက်ကိုပုံမနေအောင် နည်းနည်းမြင့်တဲ့ ဖိနပ်ကိုရွေးဖို့ပါ။ အရပ်ပုတဲ့သူတွေလည်း ဒီတစ်ချက်ကိုသတိထားပါ။
Townes Trousers
ဝတ်လိုက်တာနဲ့ တန်းပြီး အမိုက်စားသွင်ပြင်ရသွားစေတဲ့ ဘောင်းဘီအမျိုးအစားတစ်ခုကို ပြောပါဆိုရင့် ခါးအပေါ်ထိရောက်တဲ့ Mid-Weight Townes ဘောင်းဘီတွေကိုပဲ ရွေးချယ်ပေးရပါလိမ့်မယ်။ ခုလက်ရှိမှာ သူဟာနိုင်ငံတကာမှာသာမက မြန်မာနိုင်ငံမှာပါ မဒီတွေသဘောကျနှစ်ခြိုက်နေတဲ့ ဘောင်းဘီအမျိုးအစား တစ်ခုပါ။ သူရဲ့အားသာချက်က အဆင့်အတန်းရှိ ပြီး အပေါ်ကဘာနဲ့တွဲဝတ်ဝတ် ကြည့်ကောင်းသွားစေတာလို့ ဆိုရမှာပါ။ သူကလည်း တကျော့ပြန်ခေတ်စားလာတဲ့ ဘောင်းဘီအမျိုးအစားပါပဲ။ Townes ဘောင်းဘီတွေကို ရုံးတက်ကနေ ပွဲတက်အထိ ဝတ်လို့ရပါတယ်။
ကိုယ့်မှာ Townes ဘောင်းဘီတစ်ထည်ရှိမယ်ဆိုရင် သူ့ကို ရှေ့ကြယ်သီးတပ်ရှပ်အကျီတွေ၊ Bodysuit ၊ Off Shoulder ၊ Blouse၊ Crop Top စတာတွေအပြင် အပေါ်က Coat အကျီထပ်ဝတ်ပြီးတော့လည်း ထူးခြားအောင် ဆင်မြန်းနိုင်ပါတယ်။ အရေးကြီးတာက ဘောင်းဘီခါးနေရာပေါ်အောင် အကျီကို ဘောင်းဘီထဲထည့်ဝတ်ဖို့ပါပဲ။ ဒါက ဒီဘောင်းဘီအတွဲအစပ်ရဲ့ အသက်ပါ။ အဆင်တန်ဆာတွေအနေနဲ့ ခါးပတ်၊ statement နားကပ် ခပ်ကြီးကြီးတွေ၊ ဒါမှမဟုတ် အဆင့်ဆင့်ဆွဲကြိုးလေးတွေ ဆင်မြန်းနိုင်ပါတယ်။ ဖိနပ်ကိုတော့ heel အမြင့်တွေစီးနိုင်သလို ဟိုးအရင်က အမျိုးသမီးတွေ စီးခဲ့တဲ့ လေဒီရှူးလေးတွေနဲ့ ပြန်တွဲစီးနိုင်ပါတယ်။ ထိပ်ပိတ်ဖိနပ်အပါးလေးတွေနဲ့လည်း ဒီအတွဲအစပ်နဲ့ မိုက်တာပါပဲ။
Townes ဘောင်းဘီတွေဟာလည်း ပိန်တဲ့သူတွေကနေ ပြည့်တဲ့အမျိုးသမီးတွေထိ ခန္ဓာကိုယ်အချိုးအစား တော်တော်များများနဲ့ အဆင်ပြေပါတယ်။ ခါးနေရာအသားပေးထားတာမို့ ဗိုက်နည်းနည်းပူတဲ့သူတွေကတော့ ဝတ်ရတာ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။
Cargo pant
လတ်တလော အရမ်းကိုခေတ်စားလာတဲ့ ဘောင်းဘီတွေထဲမှာ Cargo ဘောင်းဘီတွေက ထိပ်ဆုံးကပေါ့။ ဘေးကပ်အိတ်အကြီးကြီးတွေနဲ့ ဝတ်လိုက်တာနဲ့ အထာကျသွားသလိုကို ခံစားမှုပေးစွမ်းနိုင်တဲ့ ဒီ Cargo ဘောင်းဘီတွေကလည်း ၉၀ပြည့်နှစ်တွေကတည်းက လူကြိုက်များပြီး ဖက်ရှင်ရေစီးကြောင်းမှာ ရေပန်းစားခဲ့တဲ့ ဘောင်းဘီအမျိုးအစားတစ်ခုပါ။ ဟိုးအရင်တုန်းက မင်းသမီးတွေ မော်ဒယ်တွေဟာ ဒီဘောင်းဘီအမျိုးအစားကို တော်တော်လေး ဝတ်ခဲ့ကြတာ ပုံတွေပြန်ရှာကြည့်ရင် တွေ့ရပါလိမ့်မယ်။ ၂၀၁၉ ရဲ့ Trendy အဖြစ်ဆုံးဘောင်းဘီတွေ သူပါလာရတဲ့ အကြောင်းတစ်ခုက သူ့ကို အပေါ်က ဘယ်လိုအကျီမျိုးနဲ့ ဝတ်ဝတ် လူကြားထဲ ထူးခြားပြီးဆွဲဆောင်မှုအပြည့်ရှိတဲ့ Look ရစေတာကြောင့်ပါ။
ကိုယ့်မှာသာ Cargo ဘောင်းဘီတစ်ထည်ရှိမယ်ဆိုရင် သူ့ကို တီရှပ်၊ tee ၊ ရှေ့ကြယ်သီးတပ် ရှပ်အကျီတွေ၊ crop top၊ off shoulder၊ tank top၊ tube ၊ bodysuit စတာတွေနဲ့ တွဲဝတ်နိုင်ပါတယ်။ ဒါ့အပြင် ဝါသနာပါရင် blazer ဘာညာလည်း ထပ်ဝတ်နိုင်ပါသေးတယ်။ သူက ယောက်ျားလေးဆန်ဆန်လေး ဖြစ်အောင်ရော၊ ချစ်စရာကောင်းအောင်၊ ပြီးတော့ ဆက်စီဘက်ရောက်အောင်ပါ သဘောကျတွဲစပ်နိုင်တာကြောင့် လူကြိုက်များတဲ့ ဘောင်းဘီဖြစ်နေတာပါ။ အရောင်တွေကတော့ အနက်၊ ကာကီ၊ navy နဲ့ စစ်စိမ်းလို အရောင်တွေဆိုတော့ ခုနပြောသလို ငြိမ်ပြီး ဆွဲဆောင်မှုရှိသွားစေတာလို့ ထင်ပါတယ်။ သူ့ကို ရိုးရိုးလေးနဲ့ပေါ်လွင်ချင်တယ်ဆိုရင်တော့ အပေါ်က အဖြူ၊ အနက်လို ကာလာမျိုးတွေနဲ့သာ တွဲချပစ်လိုက်ပါ။ ဖိနပ်အတွက်ကလည်း sneaker ၊ ankle boot၊ shoe တွေ အပြင် heel လေးတွေနဲ့ပါ သဘောကျ ဆင်မြန်းနိုင်ပါတယ်။
ဒီဘောင်းဘီတွေဟာ အရပ်ရှည်တဲ့သူတွေနဲ့ လုံးဝကွက်တိပါ။ ကိုယ်က အရပ်ပုတယ်လို့ ခံစားရရင်တော့ Cargo ဘောင်းဘီတွေထဲမှာ သိပ်ပွတာမျိုးမရွေးဘဲ ဘေးအိတ်နည်းတာ၊ မပါတာမျိုး ရွေးစေချင်ပါတယ်။ ဖိနပ်ကို လည်း အမြင့်ရွေးစီးဖို့ အကြံပေးချင်ပါတယ်။
ဒီဘောင်းဘီ(၄)မျိုးရဲ့ အားသာချက်ကတော့ အပေါ်၊အောက်တွဲစပ်မှုအတွက် သိပ်ခေါင်းစားစရာမလိုတဲ့အပြင် ပွဲတက်အထိ ဝတ်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဝတ်လိုက်တာနဲ့ အားလုံးကြားမှာ ထင်းခနဲဖြစ်စေတဲ့ အားသာချက်ကြောင့်လည်း မဒီတွေ သဘောကျရခြင်းလို့ ထင်မြင်မိပါတယ်။ ဖက်ရှင်ချစ်တဲ့ မဒီတွေအတွက် ဒီဘောင်းဘီ(၄)မျိုးထဲက တစ်မျိုးလောက်တော့ အနည်းဆုံးပိုင်ဆိုင်သင့်တာမို့ ကိုယ်နှစ်သက်ပြီး ကိုယ့်ခန္ဓာကိုယ်နဲ့ အဆင်ပြေမယ့်တစ်ထည်က ဘာများဖြစ်မလဲ အခုပဲ စဉ်းစားကြည့်လိုက်ပါဦး။
Share