သူမကတော့ အသက် ၃၂ နှစ်ပြည့်ပြီလို့ သိရပါတယ်။

သင်ဇာဝင့်ကျော်ကတော့ သူမကို ချစ်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ We Love တွေနဲ့အတူ မွေးနေ့အမှတ်တရအဖြစ်အလှူအတန်းတွေလုပ်ခဲ့ကြပါတယ်။ သူမကတော့ အသက် ၃၂ နှစ်ပြည့်ပါပြီတဲ့။

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ဒီနေ့(ဒီဇင်ဘာလ ၄) ရက်နေ့မှာ အသက် ၃၂ နှစ်ပြည့်သွားပါပြီ။ သူမရဲ့ မွေးနေ့ အလှူလေးကိုတော့ မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ မွေးနေ့အလှူကို ချစ်ရတဲ့ပရိသတ်တွေနဲ့ အတူတူ လုပ်ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။



“ အောင်ဇဗ္ဗူတောရကျောင်းမှာ မွေးနေ့အလှူလုပ်တာ ဒါနဲ့ဆို ၂ နှစ်ရှိပြီပေါ့နော်။ အသက် ၃၂ နှစ်ပြည့်တာပါ။ အလှူအတွက်ကိုလည်း အာရုံဆွမ်းကပ်ဖို့၊ နေ့ဆွမ်းကပ်ဖို့ အများကြီးပြင်ဆင်ရတာပေါ့နော်။ မအေးသီတာက အကုန်စီစဉ်ပေးပါတယ်။ ကိုယ်ကတော့ ပိုက်ဆံထည့်လိုက်ရုံပဲပေါ့နော်။ မွေးနေ့မှာလည်း အဆင်မှပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်လေးတော့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သံဃာတွေကို ဆွမ်းကပ်ရတယ်ဆိုတဲ့ ကုသိုလ်စိတ်နဲ့တော့ ကျေနပ်အားရပါတယ်” လို့ ဆိုပါတယ်။

အမှတ်တရအနေနဲ့ သင်ဇာဝင့်ကျော်ကို သူမရဲ့ မိတ်ကပ်ဆရာက Birthday Surprise လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မွေးနေ့ တစ်နေ့တာဖြတ်သန်းမယ့် အလှူတွေကိုလည်း သူမက ဆက်လက်ပြောပြလဲ့ပါသေးတယ်။

“ ဒီနှစ်အတွက်မွေးနေ့ Surprise ကတော့ သင်ဇာ့ရဲ့ မိတ်ကပ်ဆရာ မသူ က မွေးနေ့အကြိုလုပ်တဲ့ ပွဲလေးမှာ မွေးနေ့ကိတ်လေးနဲ့ Surprise လုပ်တယ်။ ညကျရင် ရွှေတိဂုံဘုရားမှာ ည ၈ နာရီ ဆီမီး ၁၀၀၀ ပူဇော်မယ်။ မွေးနေ့ အမှတ်တရရှိဖို့ထက် ကိုယ့်မွေးနေ့မှာ အဓိပ္ပာယ်ရှိရှိဖြတ်သန်းဖို့အတွက်ပဲ ကြိုးစားတယ်။ အဓိက ကတော့ မိဘနှစ်ပါးကို ကန်တော့မယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၄ ရက်နေ့က သူမရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ မွေးနေ့အနားနီးတိုင်း ကျန်းမာရေးမကောင်းဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။ ဒီနှစ်လည်း မျက်ကြည်လွှာရောင်ခဲ့တယ်လို့ ဆိုပါတယ်။

“မွေးနေ့အနားရောက်ရင် ချူချာတာ ၂ နှစ်၊ ၃ နှစ်လောက်ရှိပြီ။ အခုလည်း မွေးနေ့နားနီးမှ မျက်ကြည်လွှာရောင်သွားတာ။ အလုပ်တွေလည်း ခဏနားလိုက်ရတယ်။ အိမ်ထဲက အိမ်ပြင်တောင် မထွက်နိုင်ဘူး။ နေရောင်တောင် မကြည့်နိုင်ဘူး။ ဒါ အများကြီး သက်သာသွားတာပေါ့နော်။ ဘယ်ဘက်မျက်လုံးက ဝါးနေတာ ညာဘက်ကို ပိတ်ပြီးကြည့်ရင် ပါဝါ ၁၀၀၀ လောက်များရှိမလား မသိဘူး။ ဒီလိုပဲ မွေးနေ့နားနီးရင် တစ်ခုမဟုတ် တစ်ခု ဖြစ်လိုက်ရမှပေါ့နော်” ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က