အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီဟာ သူ့ရဲ့ မွေးနေ့မှာ ကစားခဲ့တဲ့ နှုတ်ဆက်ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါပွဲကို ဇွန်လ (၂၄) ရက်နေ့မှာ ကစားခဲ့တာဖြစ်ပြီး နယူးဝဲလ်အိုးဘွိုင်းစ်နဲ့ အာဂျင်တီးနားတို့က မက်ဆီရိုဒရီဂွက်ဇ်ရဲ့ နှုတ်ဆက်ပွဲအဖြစ် ဂုဏ်ပြု ကစားခဲ့ကြတာဖြစ်ပါတယ်။
အသက် (၄၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီရိုဒရီဂွက်ဇ်ဟာ နယူးဝဲလ်မှာရော၊ အာဂျင်တီးနားအတွက်ရော ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာ ကစားသမားဘဝကနေ အနားယူသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲကို မက်ဆီရဲ့မွေးရပ်မြေမြို့တစ်မြို့ဖြစ်တဲ့ ရိုဆာရီယိုမှာပဲ ကစားခဲ့တာဖြစ်ပြီး မက်ဆီအတွက် ပရိသတ်တွေက မွေးနေ့ဆုတောင်း သီချင်း သီဆိုဂုဏ်ပြုခဲ့ကြသလို မက်ဆီကိုယ်တိုင်ကလည်း သွင်းဂိုး (၃) ဂိုးကို လှလှပပသွင်းယူပေးခဲ့တာပါ။
မက်ဆီက ဖရီးကစ်ကတစ်ဆင့် တိုက်ရိုက်ကန်သွင်းပြီး တစ်ဂိုး၊ အဲ့ဒီနောက် ပြိုင်ဘက်ဂိုးသမားကို ကျော်ပြီး တစ်ဂိုးနဲ့ နောက်ဆုံးသွင်းဂိုးကိုတော့ ရင်ဘတ်နဲ့တစ်ချက်ထိန်းပြီး လှလှပပ ထပ်မံကန်သွင်းပြီး တစ်ဂိုး ရရှိခဲ့တာပါ။ မက်ဆီဟာ ဒီသွင်းဂိုးတွေကို ပထမပိုင်းမှာပဲ သွင်းယူခဲ့တာဖြစ်ပြီး သူ့ရဲ့မွေးနေ့အတွက် အမှတ်တရ ဟက်ထရစ် သွင်းဂိုးတစ်ဂိုးကို လက်ဆောင်အဖြစ် ကိုယ်တိုင် ရယူသွားခဲ့တာပါ။
မက်ဆီကလည်း နယူးဝဲလ်အသင်းရဲ့ လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး (၁၉၉၅) ခုနှစ်ကနေ (၂၀၀၀) ပြည့်နှစ်အထိ အဆိုပါ အသင်းမှာ ရှိနေခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ အဲ့ဒီနောက်မှသာ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာအကယ်ဒမီကို ရောက်ရှိခဲ့ပြီး ကမ္ဘာ့နာမည်ကျော် ဘောလုံးသမားတစ်ယောက်အဖြစ် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ နှုတ်ဆက်ပွဲကိုတော့ ဘတစ္စတူတာ၊ ဆမ်မြူရယ်၊ အိုင်းမားနဲ့ ပိုချက်တီနိုတို့အပါအဝင် အာဂျင်တီးနား ဘောလုံးလောကရဲ့ နာမည်ကျော်ကြီးတွေ ပါဝင်ကစားပေးခဲ့ကြပါတယ်။ မက်ဆီကလည်း လက်ရှိအချိန်မှာ အသက် (၃၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး လာမယ့်ဇူလိုင်လအတွင်းမှာတော့ အသင်းသစ် အင်တာမိုင်ယာမီအတွက် စတင်ကစားပေးတော့မှာလည်း ဖြစ်ပါတယ်။