နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ရှိသူက ယာယီဖြတ်သန်းခွင့်ရမှာပါ။

ဒီနေ့ မတ်လ ၁၉ ရက်ကစပြီး မြဝတီနယ်စပ်ဂိတ်မှာ ပြည်ပနိုင်ငံသားတွေကို ဝင်ထွက်သွားလာခွင့် ပိတ်ပင်လိုက်ပြီးဖြစ်တယ်လို့ မြဝတီမြို့ လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။

မြန်မာနိုင်ငံထဲကိုဝင်မယ့် ပြည်ဝင်ခွင့်ဗီဇာတွေ ရှိတဲ့သူတွေဟာ မဖြစ်မနေဝင်ရောက်မယ်ဆိုပါက ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ ဝင်ရောက်ခွင့်ရှိမှာ ဖြစ်ပြီး နယ်စပ်ဝင်ပေါက်ကနေ ခွင့်ပြုတော့မှာမဟုတ်ဘူးလို့လည်း ဦးသန့်ဇင်အောင်က ဆိုပါတယ်။

ဒါပေမယ့် မြဝတီ၊မဲဆောက်မှာနေထိုင်ပြီး ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ရှိတဲ့သူတွေအနေနဲ့က ၂၄ နာရီ ယာယီနယ်စပ်ဖြတ်သန်းခွင့် ရရှိမှာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူပြီးမှသာ သွားလာခွင့်ပြုမယ်လို့လည်း သိရပါတယ်။

“မြဝတီ၊မဲဆောက်မှာရှိတဲ့ လူတွေက သွားလာမယ်ဆိုရင် ယာယီလက်မှတ်တွေနဲ့ ၂၄ နာရီ အထိ သွားလာခွင့်ပေးထားတယ်။ ဒါပေမယ့် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပြီး သွားလာခွင့်ပေးထားတာပါ။ သတ်မှတ်နေရာကို ကျော်လို့တော့မရပါဘူး” လို့ လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။

ဒီလို ကန့်သတ်မှုဟာ ဒီနေ့ မတ်လ ၁၉ ရက်နေ့ကစတင်တာဖြစ်ပြီး ဘယ်ကာလအထိ ကန့်သတ်မလဲဆိုတာကတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ ပြည်ပနိုင်ငံသားတွေ ဝင်ရောက်လာတာမျိုးရှိခဲ့တာကြောင့် ခွင့်မပြုဘဲ ပြန်လွှတ်လိုက်တယ်လို့လည်းသိရပါတယ်။

COVID-19 ရောဂါကိုပြည်ပမှ ကူးစက်ပြန့်ပွားမှုကိုကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မတ်လ ၁၉ ရက်ကစတင်ကာ ဘယ်နိုင်ငံခြားသားကိုမဆို မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ဖွင့်လှစ်ထားတဲ့ နယ်စစ်စစ်ဆေးရေးဂိတ်တွေကတစ်ဆင့် ဝင်ရောက်ခွင့်ကို ယာယီတားမြစ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။



Share

Loading Next Article...
က္က