မြဝတီမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့် တစ်ရက်ကို အယောက် ၃၀ ခန့်ဟာ အမိန့်ချိုးဖောက်နေပြီး နှစ်ပတ်အတွင်း ချိုးဖောက်ကျုးလွန်သူ ၃၀၀ ကျော်ရှိတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Duwun ကိုပြောပါတယ်။
“ တစ်နေ့ တစ်နေ့ကို အကြမ်းမျဉ်း၂၀ ၊ ၃၀ ရှိတယ်။ များတဲ့နေ့ဆို အယောက် ၄၀ လောက်ရှိတယ်။ တစ်ချို့ကလည်း ဒီအမိန့်ကို မသိကြတာတွေ ရှိတယ်။ တစ်ချို့ကလည်း သွားရင်းနဲ့ အချိန်လွန်သွားတာတွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့က ကင်းလှည့်ရင်းနဲ့ အရေးယူမှုတွေ လုပ်ပါတယ်” လို့ ဦးတေဇာအောင်က ဆိုပါတယ်။
မေလ ၂ ရက်နေ့အထိ အမိန့်ကို ဖောက်ဖျက်ကျုးလွန်သူ ၃၁၁ ဦးကို ဖမ်းဆီးရမိခဲ့တဲ့အနက် ၂၆၇ ဦးကိုတော့ မြို့နယ်တရားရုံးကို တရားစွဲတင်ပို့ခဲ့တယ်လို့လည်း သိရပါတယ်။
မြို့နယ်တရားရုံးက အမိန့်ပြန်လည်ချမှတ်ရာမှာ တစ်ဦးကို ကျပ် ငါးသောင်းစီ ဒဏ်ငွေရိုက်ပြီး ဒဏ်ငွေမဆောင်နိုင်ရင်တော့ ထောင်ဒဏ် ၁၅ ရက်ကျခံရမှာဖြစ်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။
“ အများစုကတော့ ဒဏ်ငွေဆောင်ပါတယ်။ တစ်ခုရှိတာက ကျွန်တော်တို့က စာရင်းမှတ်ထားတယ်။ ဒီလူက တစ်ခါ ဒဏ်ငွေဆောင်ထားတယ်။ နောက်တစ်ခါလည်း ဒဏ်ငွေဆောင်မယ်ဆိုရင်တော့ မဖြစ်ဘူး။ အဲဒီကျရင်တော့ ပြစ်ဒဏ်တိုးပြီး အမိန့်ချရမှာတာတွေလည်း ရှိလာပါမယ်” လို့ ဆိုပါတယ်။
ကရင်ပြည်နယ် မြဝတီမှာ ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်ကစတင် ထုတ်ပြန်ထားခဲ့ပြီး အဆိုပါ အမိန့်ဟာ နောက်ထပ် ၂ လအထိ အကျုံးဝင်မှာလည်း ဖြစ်ပါတယ်။