မေလ (၁)ရက်နေ့ကစပြီး ပြည်ပရောက်မြန်မာနိုင်ငံသားများကို ပြန်လည်ဝင်ရောက်ခွင့်ပြုထားရာမှာ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ မြဝတီနယ်စပ်ကတစ်ဆင့် ဝင်ရောက်လာမှုက ခန့်မှန်းထားတဲ့ ဦးရေထက်လျော့နည်းနေတယ်လို့ သိရပါတယ်။
ထိုင်းကနေ ပြန်လည်ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသား အရေအတွက်(၂)သောင်းကျော်လောက်ခန့်မှန်ထားပြီး ဒီကနေ့ မေလ(၄)ရက်နေ့ထိ ဝင်ရောက်လာသူ (၁၅၈)ဦးသာရှိတယ်လို့ မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။
“ ဒီနေ့ မနက်ကတင် (၄၄)ယောက်ထပ်ဝင်လာတယ်။ အားလုံး (၁၅၈)ယောက်ဝင်ထားပါပြီ။ ခန့်မှန်းထားတဲ့ဦးရေထက်ဝင်ရောက်မှုနည်းနေတာက ထိုင်းဘက်ကနေ ကန့်သတ်လိုက်လို့ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာက ခုလို ရောဂါထိန်းချုပ်နေတဲ့ကာလမှာ မြန်မာပြန်လာမယ့်လုပ်သားတွေရှိရင် ထပ်ပြီး လူစုလူဝေးတွေဖြစ်မှာစိုးလို့ကန့်သတ်လိုက်တဲ့သဘောပါ။ မြန်မာဘက်ကတော့ဝင်ရောက်ခွင့်ပိတ်ပင်ထားတာမရှိပါဘူး” လို့ ဦးသန့်ဇင်အောင်ကပြောပါတယ်။
ထိုင်းနိုင်ငံဘက်ကသာ အခုလိုမပိတ်ပင်ထားဘူးဆိုရင်တော့ ပြန်လည်ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားတွေက ခန့်မှန်းထားတာထက်တောင်များနိုင်ပါတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထိုင်းကနေပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၁၅၈)ဦးကိုတော့ သက်ဆိုင်ရာနေရာတွေမှာ Quarantine ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
မေလ(၁)ရက်နေ့ကစတင်ပြီး မြဝတီနယ်စပ်ဂီတ်ကနေ ထိုင်းရောက်မြန်မာနိုင်ငံသားတွေကိုပြန်လည်လက်ခံခဲ့သလို အခုချိန်ထိလည်း ဝင်ခွင့်ပိတ်ထားတာမျိုးမရှိဘဲ အချိန်မရွေးဝင်ရောက်လာသူတွေကို ဝင်ခွင့်ပေးသွားမှာဖြစ်တယ်လို့ ဦးသန့်ဇင်အောင်ကပြောပါတယ်။