ဓာတ်ခွဲနမူနာကို နေ့လည်အရောက်ရန်ကုန်ကိုပို့ဆောင်မှာဖြစ်ပြီး ပိုးတွေ့လူနာကိုတော့ ဝေဘာဂီကို ချက်cချင်း ပို့ဆောင်သွားမယ်လို့သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားကနေ ပြန်လည်ဝင်ရောက်လာသူအားလုံး မေလ၂၃ရက်နေ့ကစတင်ပြီး တစ်ယောက်မကျန် ကိုဗစ်ရောဂါပိုးရှိ/မရှိစစ်ဆေးခံပြီးမှ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ကို ပြန်ခွင့်ရမယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Duwunကိုပြောပါတယ်။
မြဝတီနယ်စပ်ကတဆင့် ပြန်လာသူတွေကို ပထမအဆင့်အနေနဲ့ ဧပြီလတုန်းက အနည်းဆုံး၅ရာခိုင်နှုန်းကနေ ၁၀ရခိုင်နှုန်းအထိသာ ကိုဗစ်စစ်ဆေးခဲ့ပြီး ဒုတိယအဆင့်အနေနဲ့ မေလဆန်းကစပြီး ၁၀ရာခိုင်နှုန်း ကိုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။
“အခုတော့ နိုင်ငံတော်အစိုးရအစီအစဉ်နဲ့ ပြန်လာသူတွေထဲမှာပိုးတွေ့လူနာတွေတွေ့လာရပြီး သူတို့က သက်ဆိုင်ရာ ဒေသတွေကိုပြန်ပြီးမှ ပိုးတွေ့လာတဲ့အတွက်အခုဆိုရင် ရောဂါပိုးရှိသူတစ်ဦးမှ မရှိသေးတဲ့ ကရင်၊တနင်္သာရီတို့လည်း ပါဝင်သွားပြီ။ဒါကြောင့် အဲ့လိုမဖြစ်ရအောင် အခုကစပြီး မြဝတီနယ်စပ်က ပြန်ဝင်လာသူတွေကို ဒီမှာပဲ ရောဂါပိုးစစ်ဆေးပြီး ကွာရန်တင်းဝင်စေပြီးမှ ပြန်လွှတ်တော့မှာပါ။”လို့ ဦးတေဇာအောင်က ပြောပါတယ်။
မြဝတီနယ်စပ်က ပြန်ဝင်လာသူ စုစုပေါင်း လက်ရှိအချိန်ထိ ၁၀၀၀ခန့်ရှိနေပြီဖြစ်ပြီး ဒီနေ့ မေ ၂၃မနက်မှာတော့ ထိုင်းအစိုးရရဲ့ အထူးအစီအစဉ်နဲ့ ပြန်လာသူ ၂၁၁ဦးအပါအဝင် စုစုပေါင်း ၃၁၂ဦးရှိနေပြီလို့လည်း သိရပါတယ်။
“ပြန်လာသူတွေကို ကျွန်တာ်တို့က နှစ်ပိုင်းခွဲစစ်ပါတယ်၊လဝကရဲ့ ထိန်းသိမ်းရေးစခန်းနဲ့ အကျဉ်းကျခဲ့သူတွေကို တော့ အားလုံးစစ်ပါတယ်။ကျန်တဲ့သူတွေထဲကတော့ ကျွန်တော်တို့က ၁၀၀မှာ အနည်းဆုံး ၅ယောက်ကနေ ၁၀ယောက်ထိစစ်ရတယ်ဆိုပေမယ့် ၃၀ကျော်လောက်တော့ စစ်နိုင်ပါတယ်။အခုတော့ အကုန်လုံးတစ်ယောက် မကျန်စစ်ပါမယ်။”လို့ ဦးတေဇာအောင်က ဆက်လက်ပြောပါတယ်။
ပြန်လည်ဝင်ရောက်လာသူအားလုံးကို ရောဂါပိုးစစ်ဆေးပေးနိုင်ဖို့အတွက် ဆေးဖက်ဆိုင်ရာ ပညာရှင်တွေလည်း ရှိနေပြီး ဓာတ်ခွဲစစ်ဆေးဖို့အတွက်လည်း မနက်ပိုင်းဝင်သူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်ကို နေ့လည် အရောက်ပို့ဆောင်သွားမှာလို့လည်းသိရပါတယ်။
အဲ့နောက် ပိုးတွေ့လူနာရှိလာပါက ဝေဘာဂီဆေးရုံကြီးကို ချက်ချင်း ပို့ဆောင်ပြီး ပိုးမတွေ့သူတွေကိုလည်း ၂၁ရက် ကွာရန်တင်းပြည့်ပြီးမှ ပြန်စေမယ်လို့လည်း သိရပါတယ်။
ကရင်ပြည်နယ်မှာတော့ နိုင်ငံတော် အစိုးရအစီအစဉ်နဲ့ ပြန်လာတဲ့ မလေးရှားရောက်မြန်မာလုပ်သား ၂ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီး ဖြစ်ပါတယ်။
Share