Photo - changleo (လမ်းဘေးမှာ ဆင်းမ်ကတ်များရောင်းချနေသည်ကို တွေ့ရစဉ်)
အများပြည်သူလုံခြုံရေးကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ဖို့ လူတစ်ဦး မှတ်ပုံတင်တစ်ခုကို ဆင်းမ်ကတ်နှစ်ခုသာ ကိုင်ဆောင်ခွင့်ရတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုတည်းနဲ့ ဆင်းမ်ကတ်အမြောက်အမြားကို မှတ်ပုံတင်ပြီးအခြားသူတွေကို တစ်ဆင့်ပြန်လည်ရောင်းချတာ၊ မိမိအမည်နဲ့ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းမ်ကတ်တွေကို ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူသုံးစွဲတာတွေကြောင့် မိုဘိုင်းဖုန်း အသုံးပြုရာမှာ ပြည်သူတွေ လုံခြုံရေးကို အကာအကွယ်ပေးဖို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဆင်းမ်ကတ်တွေ စနစ်တကျ မှတ်ပုံတင်ဆောင်ရွက်ရာမှာ သုံးစွဲသူတွေက မိမိတို့ရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှန်နဲ့သာ သုံးစွဲရေး၊ မိမိရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပတ်နဲ့ အခြားသူတွေ မသုံးစွဲနိုင်စေရေး၊ အခြားသူတွေရဲ့ ကတ်ပြားအမှတ်နဲ့ သုံးစွဲနေရင်လည်း မိမိတို့ရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှန်နဲ့ ပြန်လည်မှတ်ပုံတင်နိုင်ဖို့ သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားရမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ ဆင်းမ်ကတ်တွေကို လမ်းဘေးမှာ ဝယ်ချင်သလို ဝယ်လို့ရတာတွေက လုံခြုံရေးအတွက် စိတ်ပူစရာမှန်ပေမယ့် လူတစ်ယောက် ဆင်းမ်းကတ်နှစ်ခုဆိုတဲ့ ဖြေရှည်းနည်းကတော့ တစ်ခုခုလွဲနေသလိုပဲ။ မြန်မာနိုင်ငံမှာ တရားဝင်ခွင့်ပြုထားတဲ့ အော်ပရေတာလေးခုရှိတယ်။ အဲဒီအော်ပရေတာလေးခုကလည်း အပြိုင်အဆိုင် ဝန်ဆောင်မှု ပေးနေတာဖြစ်လို့ စားသုံးသူတွေကလည်း အားသာချက်အလိုက် ပြောင်းသုံးနေကြရတာပါ။ လူတစ်ယောက်ဟာ အော်ပရေတာတစ်ခုစီကနေ ဆင်းမ်ကတ်တစ်ခုပဲ ဝယ်သုံးတယ်ထားဦး။ ဆင်းမ်းကတ်လေးခုတော့ မှတ်ပုံတင်ထားရမှာပါ။ “ လို့ မိုဘိုင်းဖုန်းသုံးစွဲသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုပြီး ငွေပေးငွေယူကိစ္စတွေ များပြားလာတာကြောင့် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ဖို့၊ အများပြည်သူလုံခြုံရေး ကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ဖို့၊ ဆင်းကတ် ပျက်စီးပျောက်ဆုံးမှုတွေ ဖြစ်ပေါ်ရင် အလွယ်တကူ ပြန်လည်ရရှိ သုံးစွဲနိုင်ဖို့ အတွက် ဆင်းမ်ကတ်တွေကို စနစ်တကျမှတ်ပုံတင်သုံးစွဲဖို့ ၂၀၁၆ ခုနှစ် သြဂုတ်မှလမှာ စတင်ဆောင်ရွက်ခဲ့တယ်လို့ လည်း သိရပါတယ်။