ယူနိုက်တက်ပရိသတ်တွေ အဲရစ်တန်ဟက်ခ်ကို ကြိုဆိုဖို့ ပြင်ဆင်နေတဲ့ ဗီဒီယိုမှတ်တမ်းကတော့ တကယ်ကို ရယ်ရခက်၊ ငိုရခက်ပါပဲ။ အဲရစ်တန်ဟက်ခ်ဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက်ကို စတင်ကိုင်တွယ်မှာဖြစ်ပြီး ဒီအတွက် ယူနိုက်တက်ပရိသတ်တွေက အခုတည်းက စိတ်လှုပ်ရှားနေကြပါပြီ။
အဲရစ်တန်ဟက်ခ်ဟာ ယူနိုက်တက်ကို ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ပေးဖို့ စိုင်းပြင်းနေပြီး ဒီအတွက်လည်း အခုတည်းက အသင်းတာဝန်ရှိသူတွေ၊ ကင်းထောက်တွေကလည်း အလုပ်ရှုပ်နေရပါပြီ။ အဲရစ်တန်ဟက်ခ်ဟာ သူ အလိုရှိတဲ့ ကစားသမားစာရင်းကို ယူနိုက်တက်တာဝန်ရှိသူတွေထံ ပေးထားပြီး လက်ရှိ ပွဲထွက် (၁၁) ယောက်လုံးကိုလည်း ဖြည်းဖြည်းချင်း လဲလှယ်သွားဖို့ ဆန္ဒရှိနေပါတယ်။
ဒီလိုမျိုး အဲရစ်တန်ဟက်ခ်ရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဥ်တွေကို ယူနိုက်တက်ပရိသတ်တွေကလည်း ကြိုဆိုနေကြပြီး ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း အရှိန်အဝါ ကျဆင်းသွားတဲ့ အသင်းကို အဲရစ်တန်ဟက်ခ် ပြန်လည်ဆွဲတင်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
မနေ့ညက ဘရန့်ဖို့ဒ်နဲ့ပွဲမတိုင်ခင်မှာတော့ ယူနိုက်တက်ပရိသတ်တွေဟာ အဲရစ်တန်ဟက်ခ်ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ အဲရစ်တန်ဟက်ခ်နာမည်ကို သီချင်းလုပ်ကြွေးကြော်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကြွေးကြော်သံတွေကတော့ အဆိုးရွားဆုံးအဖြစ် တံဆိပ်ကပ်ခံလိုက်ရပါတယ်။
ယူနိုက်တက်ပရိသတ်တွေဟာ “One Hag, Two Hag, Three Hag, Four Hag, Five Hag, Six Hag, Seven Hag, Eight Hag, Nine Hag, Ten Hag… Ten Hag, Ten Hag, Ten Hag, Ten Hag” လို့ ဟစ်ကြွေး အော်ဟစ်နေကြတာကို ဗီဒီယိုမှတ်တမ်းတွေမှာ မြင်တွေခဲ့ရပါတယ်။
ဒါပေမယ့် ဒီကြွေးကြော်မှုကိုတော့ ပြိုင်ဘက်ပရိသတ်တွေတင်မကဘဲ ယူနိုက်တက်ပရိသတ်တွေကပါ စိတ်ပျက်နေကြပါတယ်။ ပရိသတ်တွေက “ထာဝရအဆိုးရွားဆုံး ကြွေးကြော်မှုပဲ” “ဒါ ဘာကြွေးကြော်သံကြီးလဲကွာ” “ဒီထက်ဆိုးရွားတဲ့ဟာလည်း ရှိတော့မှာမဟုတ်ပါဘူး” “သေချာပါတယ်။ ကန်တိုနာတော့ မင်းတို့ကြွေးကြော်တဲ့ သီချင်းကြီးကို ကြိုက်မှာမဟုတ်ပါဘူး” လို့ အမျိုးမျိုး ဝေဖန်ရေးသားခဲ့ကြပါတယ်။