ဖာရန်တောရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဘာစီလိုနာတို့ တရားဝင်ကြေညာခဲ့ပါတယ်။

ဘာစီလိုနာဟာ မန်စီးတီးရဲ့ တောင်ပံတိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကို ခေါ်ယူနိုင်ပြီဆိုတာ တရားဝင်ကြေညာခဲ့ပါတယ်။ အဆိုပါ စပိန်တိုက်စစ်ကစားသမားဟာ ဘာစီလိုနာနဲ့ (၂၀၂၇) အထိ သက်တမ်းရှိတဲ့ စာချုပ်တရပ်ကို ချုပ်ဆိုခဲ့ပြီး ဘာစီလိုနာကလည်း ယူရို (၁) ဘီလီယံတန်ကြေးရှိတဲ့ စာချုပ်တရပ်ကို ကစားသမားနဲ့ ချုပ်ဆိုခဲ့ပါတယ်။ 



ဘာစီလိုနာဟာ ကနဦးပြောင်းရွှေ့ကြေးအနေနဲ့ ယူရို (၅၅) သန်း မန်စီးတီးကို ပေးချေရမှာဖြစ်ပြီး အဲ့ဒီနောက် အပိုဆုကြေးအဖြစ် ယူရို (၁၀) သန်းကို ဆက်လက် ပေးချေရမှာပါ။ ဒီအပိုဆုကြေးထဲကမှ ယူရို (၇) သန်းကတော့ ကစားသမားရဲ့ စွမ်းဆောင်ရည်ကို မူတည်ပြီး အတိုးအလျှော့နဲ့ ပေးချေရမှာဖြစ်ပါတယ်။

ဖာရန်တောရက်စ်ဟာ မနေ့တည်းက စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ဆေးစစ်မှုခံယူခဲ့ပြီး ဆေးစစ်မှုအောင်မြင်ခဲ့တဲ့နောက် အခုလိုပဲ ဘာစီလိုနာက တရားဝင်ကြေညာခဲ့တာပါ။ ဘာစီလိုနာနည်းပြ ဇာဗီဟာ ဖာရန်တောရက်စ်ကို အသည်းအသန်အလိုရှိခဲ့ပြီး ဘာစီလိုနာဥက္ကဌ လာပေါ်တာကလည်း ဇာဗီလက်ထက် ပထမဆုံး ခေါ်ယူမှုအဖြစ် ဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။

ဖာရန်တောရက်စ်ဟာ ပြီးခဲ့တဲ့ (၂၀၂၀) သြဂုတ်မှာ ဗလင်စီယာကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခု ဖာရန်တောရက်စ်ကို ပြန်လည်ရောင်းချခဲ့ရတာက မန်စီးတီးအတွက် တော်တော်လေး အကျိုးအမြတ်ရှိစေခဲ့မှာပါ။ ဘာစီလိုနာဟာ ဖာရန်တောရက်စ်ကို ခေါ်ယူဖို့အတွက် ဘဏ်ချေးငွေကိုလည်း အသုံးပြုခဲ့ရပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာတို့ မန်စီးတီးကစားသမားတွေဖြစ်တဲ့ အဲရစ်ဂါစီယာ၊ အဂွေရိုတို့ကို ခေါ်ယူခဲ့ပြီး ဒီအထဲကမှ တိုက်စစ်မှူးအဂွေရို နှလုံးရောဂါကြောင့် ကစားသမားဘဝက အနားယူသွားခဲ့တဲ့နောက် ဘာစီလိုနာတို့ အခုလို မန်စီးတီးကစားသမားပဲဖြစ်တဲ့ ဖာရန်တောရက်စ်ကို ထပ်မံခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

Share

က္က