အသားအရေအမျိုးအစားအလိုက် အသားအရေထိန်းသိမ်းနည်းတွေ ကွာခြားသွားပါတယ်။

မျက်နှာလေးဝင်းမွတ်ကြည်လင်နေတာမျိုးကို လူတိုင်းလိုချင်ကြမှာပါ။ ဒီလိုဝင်းမွတ်ကြည်လင်လှပနေတဲ့ မျက်နှာကို ရရှိဖို့အတွက် အသားအရေထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ အသားအရေကို ထိန်းသိမ်းဖို့ဆိုရင် ကိုယ်က ဘယ်လိုအသားအ‌ရေအမျိုးအစားလဲဆိုတာကို မသိလို့ မရပါဘူး။ 



အသားအရေအမျိုးအစားတွေကတော့

ပုံမှန်အသားအရေအမျိုးအစား (Normal Skin) 

အဆီပြန်အသားအရေအမျိုးအစား (Oily Skin)

ခြောက်သွေ့အသားအရေအမျိုးအစား (Dry Skin) 

ပေါင်းစပ်အသားအရေအမျိုးအစား (Combination Skin)  

ထိခိုက်လွယ်အသားအရေအမျိုးအစား (Sensitive Skin) ဆိုပြီး ရှိပါတယ်။ 

၁။ ပုံမှန်အသားအရေအမျိုးအစား (Normal Skin) 

ပုံမှန်အသားအရေအမျိုးအစားသမားတွေကတော့ အဆီလည်း မပြန်သလို ခြောက်သွေ့နေတာမျိုးလည်း မရှိတဲ့ အသားအရေအမျိုးအစားမျိုးဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းဖို့လည်း လွယ်ကူပြီး ရံဖန်ရံခါမှသာ အရေပြားပြဿနာတွေ ကြုံတတ်တာမျိုးပါ။ ဒါပေမယ့်လည်း ဘာမှမလိုဘူးဆိုပြီး ပစ်ထားလို့တော့မရပါဘူး။ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာ အရမ်းလည်း အဆီမပြန်သလို ခြောက်သွေ့တာမျိုးလည်း မဖြစ်စေမယ့် ပစ္စည်းမျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ 

allure.com

၂။အဆီပြန်အသားအရေအမျိုးအစား (Oily Skin)

အဆီပြန်အသားအရေသမားတွေကတော့ ဝက်ခြံကြောင့် စိတ်ညစ်နေရတာမျိုးတွေ ရှိပါတယ်။ ကိုယ့်ရဲ့ မျက်နှာပေါ်က အဆီတွေ နဲ့ ပြင်ပက ဖုန် ၊ အညစ်အကြေးတွေ ထိတွေ့သွားတဲ့အခါ ဝက်ခြံတွေ ပေါက်လာတတ်လို့ ဝက်ခြံမကြာခဏထွက်တတ်တဲ့ အသားအရေအမျိုးအစားပဲ ဖြစ်ပါတယ်။ အဆီပြန်လို့ဆိုပြီး မျက်နှာကို ကြိမ်ဖန်များစွာ သစ်တာမျိုးတွေ ရှောင်ကြဉ်ရပါမယ်။ တစ်နေ့ကို နှစ်ကြိမ်သာ သစ်သင့်ပြီး မျက်နှာအတွက် အလှကုန်ပစ္စည်းတွေ ၊ အသားအရေထိန်းသိမ်းဖို့ ဝယ်ယူတဲ့အခါမျိုးမှာ Oily Skin သမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပစ္စည်းတွေကိုသာ ဝယ်ယူသင့်ပါတယ်။

၃။ခြောက်သွေ့အသားအရေအမျိုးအစား (Dry Skin) 

အသားအရေတင်းနေပြီး အနည်းငယ် ကြမ်းရှရှ ရှိတတ်တဲ့ အသားအရေအမျိုးအစားပဲဖြစ်ပါတယ်။ ဆောင်းရာသီလို အေးတဲ့ရာသီတွေမှာဆို အရေပြားအက်တာ ၊ အဖြူဖပ်တွေနဲ့ အသားတွေ လန်တာမျိုးတွေ အထိ ဖြစ်တတ်ပါတယ်။ တခါတရံမှာ အရေပြား ယားယံတာတွေ၊ ဓာတ်မတည့်တာတွေ ဖြစ်တတ်တဲ့ အသား‌အရေ အမျိုးအစားမျိုးပါ။ Moisturizer ကိုမဖြစ်မနေ သုံးပေးဖို့ လိုအပ်ပြီး အလှကုန်ပစ္စည်းတွေ ၊ အသားအရေထိန်းသိမ်းဖို့ ဝယ်ယူတဲ့အခါမျိုးမှာ Dry Skin သမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ အလှကုန်တွေကို ဝယ်သင့်ပါတယ်။ ရေမကြာခဏသောက်ပေးတာ ၊ အရည်ရွှမ်းအသီးစားပေးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ 

၄။ပေါင်းစပ်အသားအရေအမျိုးအစား (Combination Skin)  

အဆီပြန်တာကော အသားခြောက်တာပါ ဖြစ်တတ်တဲ့ အသားအရေအမျိုးအစားပါ။ နဖူး၊ နှာခေါင်းနဲ့ ပါးပတ်လည်တွေမှာ အဆီပြန်နေတတ်ပြီး ကျန်တဲ့ နေရာတွေမှာတော့ ခြောက်နေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီလိုအသားအရေပိုင်ရှင်တွေမှာ ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် အလှကုန်ပစ္စည်းကို သေချာ ရွေးပြီး ဝယ်ယူဖို့ လိုပါတယ်။ Combination Skin သမားအတွက် သီးသန့်ထုတ်ထားတဲ့ အလှကုန်မျိုး ရှာဝယ်ပါ။ အထူးသဖြင့် သဘာဝပစ္စည်းတွေ ပါဝင်တဲ့ အလှကုန်မျိုးနဲ့ ပိုသင့်တော်ပါတယ်။ 

၅။ ထိခိုက်လွယ်အသားအရေအမျိုးအစား (Sensitive Skin) 

ဒီအသားအရေသမားတွေကတော့ အတော် ဂရုစိုက်ရပါမယ်။ အသားခြောက်တာကော အဆီပြန်တာပါ ဖြစ်တတ်ပြီး အလှကုန်ပစ္စည်းနဲ့ ဓာတ်မတည့်ရင် အသားအရေပျက်စီးတာ ၊ နီရဲပြီး ယားယံလာတာတွေ ကြုံရတတ်ပါတယ်။ ကိုယ်သုံးလိုက်တဲ့ အလှကုန်တွေထဲမှာ ဓါတုဗေဒပစ္စည်းပြင်းတာ ပါတာနဲ့ အသားက ပျက်စီးသွားနိုင်ပါတယ်။ Sensitive Skin သမားတွေအတွက် ထုတ်ထားတဲ့ အလှကုန်ကို ရွေးချယ်ဝယ်ယူတာက အကောင်းဆုံးပါပဲ။ 

အသားအရေအမျိုးအစား ဘယ်လိုခွဲခြားမလဲ 

အသားအရေထိန်းသိမ်းတဲ့ နေရာမှာ ကိုယ်က ဘယ်လိုအသားအရေအမျိုးအစားမျိုးလဲဆိုတာကို သိထားမှသာ အလှကုန်တွေ၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ ဝယ်ယူရာမှာ အဆင်ပြေမှာပါ။ အသားအ‌ရေအမျိုးအစားကို ဘယ်လိုခွဲရမလဲဆိုတာကို Beauty by Emerald Page ရဲ့ Beauty Blogger တစ်ဦးဖြစ်တဲ့ ခွာညိုမြင့်သူက ခုလို ပြောပြပါတယ်။ 

theskinexperiment.com

“အသားအရေအမျိုးအစား ဘယ်လိုခွဲမလဲဆိုတော့ မျက်နှာသစ်ပြီး မိနစ်လေးဆယ်လောက်ထားပြီး တစ်ရှူးတစ်ရွက်ကို မျက်နှာပေါ်မှာ အုပ်ကြည့်ကြည့်။ မျက်နှာပြင်တစ်ခုလုံးမှာ ဟိုတစ်ကွက် ဒီတစ်ကွက်လျှောက်ပြီးတော့ အဆီပြန်နေမယ် တစ်ရှူးပေါ်မှာ အဲလိုပါသွားမယ်ဆိုရင် အဲဒါက Oily skin ဒါမှမဟုတ် T Zone လောက်ပဲ ဆိုရင်တော့ အဲဒါက combination skin ဒါမှမဟုတ် မပြန်ဘူး၊ အရင်တိုင်းပဲဆိုရင် dry skin အဲဒီလိုမှမဟုတ်ဘဲ မျက်နှာသစ်ပြီးတော့ မိနစ်၄၀ကြာတဲ့အခါမှာ မျက်နှာက ယားလာမယ်၊ နီရဲလာမယ်ဆိုရင်တော့ sensitive skin လို့ သတ်မှတ်လို့ ရပါတယ်။” လို့ ပြောပြလာပါတယ်။  

နဖူးနဲ့ နှာခေါင်းတစ်ဝိုက်ပဲ နည်းနည်းပဲ အဆီပြန်မယ်ဆိုရင်တော့ ပုံမှန်အသားအရေအမျိုးအစားဖြစ်ပါတယ်။ 

ဘယ်အသားအရေအမျိုးအစားမဆို ထိန်းသိမ်း‌ပေးသင့် 

အသားအရေအမျိုးအစားနဲ့ လိုက်ပြီး သတိထားရမယ့်အချက်က ဘယ်အသားအရေမဆို Skin Care က အရေးကြီးပါတယ်။ Skin Care က main based ဖြစ်တဲ့အတွက် အပေါ်က cover up လုပ်ထားတဲ့ makeup တွေက အပေါ်ယံပါပဲ။ အောက်က Skin မကောင်းဘူးဆိုရင် ဘယ်လောက်ပဲ cover လုပ်လုပ်makeup look က လှမှာမဟုတ်တော့ပါဘူး။ အဲဒီအတွက်ကြောင့် Skin Care ကို မမေ့မလျော့ နှစ်ကြိမ်လုပ် သင့်ပါတယ်။ ဒါပေမယ့် သတိထားရမှာက dry skin သမားတွေက မျက်နှာသစ်တဲ့အခါ နှစ်ကြိမ်သစ်တယ်ဆိုပေမယ့် ပထမတစ်ကြိမ် မနက်ပိုင်းမျက်နှာသစ်တဲ့ အခါ ရေနဲ့ပဲသစ်ပြီး ညပိုင်းမှသာ cleanser သုံးတာမျိုး လုပ်ပေးရပါမယ်။ 

Oily skin သမားတွေကတော့ နှစ်ကြိမ်သစ်လို့ရပါတယ်။ ဒါပေမယ့် နှစ်ကြိမ်ထက် ပိုသစ်ရင်တော့ မျက်နှာရဲ့ PH Level ကို လျော့စေသွားစေပါတယ်။ အဲဒါကြောင့် Oily skin သမားတွေက အဆီပြန်တယ်ဆိုပြီး ခဏခဏသစ်တာက မျက်နှာကို အဆီတွေကို ပိုထွက်စေပါတယ် လို့ Beauty Blogger ခွာညိုမြင့်သူက အကြံပေးထားပါတယ်။ 

“skin type တွေနဲ့ အဓိကကြုံရတဲ့ အလှကုန် ပြဿနာကတော့ Moisture ဝယ်တဲ့အခါမှာပေါ့။ အဲဒီမှာ Oily skin သမားတွေက Moisture လို အဆီပြန်တဲ့ cream type တွေ၊ lotion type တွေ ဝယ်ပြီးတော့ အဆီပြန်တယ်ဆိုပြီး Moisture ကို မသုံးဖြစ်ကြဘူး။ အဲဒီလိုကျတော့ မျက်နှာတွေကနေပြီး အဆီမထွက်ဘူးထင်ပြီးတော့ အဆီတွေ ပိုထုတ်ပေးတယ်။ အဲဒီမှာ ပိုပြီးတော့ အဆီပြန်လာတဲ့ ပြဿနာတွေဖြစ်လာတယ်။ အဲဒီတော့ Moistureတွေ ဝယ်တဲ့ အခါမှာ dry skin ဆိုရင် cream type ဒါမှမဟုတ် lotion type ကို ဝယ်ပါ။ Oily skin နဲ့ combination skin type သမားတွေကတော့ Emulsion type ဒါမှမဟုတ် gel type ကို ဝယ်လို့ရပါတယ်။" လို့ Moisture က အသားအရေအမျိုးအစားတိုင်းအသုံးပြုသင့်ကြောင်းလည်း သူမက အကြံပြုပါတယ်။

expertreviews.co.uk

အားလုံးမဖြစ်မနေသုံးရမယ့် Sunscreen

သတိထားရမှာတစ်ခုက ဘယ်အသားအ‌ရေအမျိုးအစားမဆို Sunscreen ကို မဖြစ်မနေလိမ်းသင့်ပါတယ်။ အသားအ‌ရေအမျိုးအစားအားလုံး Sunscreen ကို လိမ်းမှသာ အရွယ်မတိုင်ခင် အိုမင်းတာတွေနဲ့ တခြားသော အကြောင်းအရာတွေကို ကာကွယ်နိုင်မှာပါ။ 

“Sunscreen လိမ်းတာ ပိုအဆီပြန်တယ်လို့ တချို့ကပြောတယ်။ အဲလိုတော့ မဟုတ်ဘူး။ ကိုယ့်အသားနဲ့ လိုက်ဖက်တဲ့ Sunscreen အမျိုးအစားကို ရွေးချယ်ဝယ်ယူကြရမယ်။ ဉပမာ - Oily skin သမားတွေအတွက် Gel type sunscreen တေွလာတယ် ။sunscreen နဲ့ ပတ်သက်တဲ့ အယူအဆမှားကတော့ sunscreen ကို နေပူထဲထွက်မှ လိမ်းရတယ်လို့ ထင်ကြတယ်။ တကယ်တမ်းကျ‌ေတာ့ sunscreen ကို အိမ်ထဲမှာလည်း လိမ်းရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွာညိုတို့ လျှပ်စစ်ပစ္စည်းတွေက ထွက်တဲ့ Rays တွေကို ကာကွယ်ဖို့ အိမ်မှာနေရင်းလည်း sunscreen ကိုလိမ်းပေးရပါမယ်။” 

မဒီတို့လည်း ကိုယ်က ဘယ်အသားအရေအမျိုးအစားတွေထဲမှာ ပါဝင်သလဲဆိုတာကို စစ်ဆေးပြီးတော့ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ အသားအ‌ရေထိန်းသိမ်းမှုတွေကိုပြုလုပ်ပြီး နုပျိုလှပတဲ့ အလှတရားတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ 



ဆက်စပ်အကြောင်းအရာများ

Share

က္က