လူပေါင်း ၁.၆ သန်းကို ၃၉၇ ဒေါ်လာတန် ချက်လက်မှတ်တွေ ပို့နေပါတယ်

အီလီနွိုက်စ် Facebook သုံးစွဲသူ ၁ သန်းကျော်ဟာ Facebook ဆီက ၃၉၇ ဒေါ်လာတန် ချက်လက်မှတ်ကို ဒီတစ်ပတ်ထဲ ရတော့မှာပါ။ 

၂၀၁၅ ခုနှစ်က ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ မျက်နှာကို ဒီဂျစ်တယ်စကင်ဖတ်ရှု သိမ်းဆည်းပြီး ဓါတ်ပုံပို့စ်တွေမှာ Tag တွဲမတွဲ အကြံပြုတဲ့စနစ်ကို အီလီနွိုက်စ်ပြည်နယ် ဥပဒေအကျိုးဆောင်အဖွဲ့တွေက နစ်နာသူများကိုယ်စား Facebook ကို တရားစွဲခဲ့ပါတယ်။ သုံးစွဲသူရဲ့ ခွင့်ပြုချက်မရှိဘဲ မျက်နှာပြင်ဖတ်နည်းပညာကို အသုံးချတာဟာ အီလီနွိုက်စ်ပြည်နယ်ရဲ့ ဇီဝအချက်အလက် လုံခြုံရေးဥပဒေနဲ့ ငြိစွန်းနေတာလည်း ဖြစ်ပါတယ်။ 





Facebook ဟာ လူမှုကွန်ရက်ပေါ် တင်လိုက်တဲ့ ဓါတ်ပုံတွေထဲက လူနာမည်တွေကို မျက်နှာပြင်တိုက်စစ်တဲ့ ဆော့ဖ်ဝဲလ်နဲ့ Tag လုပ်မလားဆိုတဲ့စနစ်ကို ၂၀၁၁ ခုနှစ်မှာ စတင် သုံးစွဲခဲ့တာပါ။ အီလီနွိုက်စ်ပြည်နယ်ရဲ့ ဇီဝသတင်းအချက်အလက် လုံခြုံရေးအက်ဥပဒေဟာ ၂၀၀၈ ခုနှစ်မှာ ပြဌာန်းလိုက်တာ ဖြစ်ပြီး ဒီဥပဒေက မျက်နှာပြင်ဖတ်စနစ်အပြင် လက်ဗွေ ၊ မျက်ကြည်လွှာစကင်နဲ့ တခြား ဇီဝအချက်အလက်တွေကို သုံးစွဲသူခွင့်ပြုချက်မရှိဘဲ သုံးစွဲရင် နစ်နာသူကို တရားစွဲခွင့်ပေးထားတာပါ။ 

ဒီအမှုအတွက် ပြီးခဲ့တဲ့ ၂၀၂၀ ကပဲ အီလီနွိုက်စ်ပြည်နယ်တရားရုံးက ဒေါ်လာ သန်း ၅၅၀ လျော်ကြေးပေးဖို့ Facebook ကို အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ရှေ့နေကြေး နဲ့ ရုံးစရိတ် ဒေါ်လာ ၉၇.၅ သန်း အပါအဝင်ဆိုရင် ကုမ္ပဏီအနေနဲ့ အမှုပြေလည်ဖို့‌ ဒေါ်လာသန်း ၆၅၀ ပေးဖို့ သဘောတူညီခဲ့တာပါ။ အီလီနွိုက်စ်ပြည်နယ်က နစ်နာသူ ၁.၆ သန်းခန့်ဟာ ၂၀၂၀ ဒီဇင်ဘာလထဲမှာ အမှုကျေအေးဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

Facebook အနေနဲ့ ဒီတစ်ပတ်ထဲမှာပဲ နစ်နာသူ ၁.၆ သန်းခန့်ကို ၃၉၇ ဒေါ်လာ (မြန်မာငွေ ၇ သိန်းခွဲခန့်) နှုန်း ချက်လက်မှတ်တွေ ပေးပို့ခဲ့ပြီး Facebook ဆီက နစ်နာကြေးရထားသူတချို့က Twitter ပေါ်မှာ ဒီအကြောင်းကို ပုံနဲ့တကွ မျှဝေခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က