ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ အရှေ့အလယ်ပိုင်းဒေသက အသင်းတသင်းက ကမ်းလှမ်းဖို့ရှိနေတယ်လို့ ပေါ်တူဂီ CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အမည်မဖော်ပြထားတဲ့ ဆော်ဒီအာရေဗျ အခြေစိုက်အသင်းဟာ ရော်နယ်ဒိုအတွက်လည်း ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀) ပေးမယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။
ရော်နယ်ဒိုအနေနဲ့ အဆိုပါအသင်းကိုသာ ပြောင်းရွှေ့မယ်ဆိုရင် တနှစ်လုပ်ခ ပေါင် (၁၀၅) သန်းအထိ ရရှိမှာဖြစ်ပြီး နှစ်ရာသီစာအတွက် ပေါင်သန်း (၂၁၀) ရရှိမယ်လို့လည်း သိရှိရပါတယ်။ အဆိုပါ ကမ်းလှမ်းမှုတွေထဲမှာ အေးဂျင့် ဂျော့ချ်မန်ဒက်စ်အတွက် ပေါင်သန်း (၂၀) လည်း ပါဝင်မယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ရော်နယ်ဒိုဟာ ဒီလအစောပိုင်းမှာ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုကိုရရှိခဲ့ရင် ရောင်းထုတ်ပေးဖို့ ယူနိုက်တက်ကို တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ဒီကစားသမားကိုခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတွေက လက်တွန့်နေတာကြောင့် ချန်ပီယံလိဂ်ကစားလိုတဲ့ ရော်နယ်ဒိုအနေနဲ့ အခက်တွေ့နေရပါတယ်။
ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီတို့က ရော်နယ်ဒိုကိုခေါ်ယူဖို့ ငြင်းဆန်ထားသလို ချဲလ်ဆီးကလည်း နည်းပြတူဟယ်လ်ကြောင့် ရော်နယ်ဒိုကို ခေါ်ယူဖို့ တွန့်ဆုတ်နေဆဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာပဲ ရေနံငွေကြေးတွေနဲ့ ချမ်းသာကြွယ်ဝနေတဲ့ အသင်းတသင်းက ရော်နယ်ဒိုကို ပစ်မှတ်ထားလာတာပါ။
ဒါပေမယ့်လည်း အသက် (၃၇) နှစ်အရွယ် ရော်နယ်ဒိုက ချန်ပီယံလိဂ်လို ဥရောပရဲ့ ထိပ်တန်းအဆင့်ပြိုင်ပွဲမျိုးမှာ ကစားဖို့ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ကနေ ထွက်ခွင့်တောင်းခဲ့တာဖြစ်သလို အဆိုပါ ဆော်ဒီအခြေစိုက်အသင်းက အမှန်တကယ် ကမ်းလှမ်းလာခဲ့ရင်လည်း ရော်နယ်ဒိုက ငြင်းဆန်ပယ်ချသွားဖွယ်ရှိပါတယ်။