ပွဲအစ လူစာရင်းထွက်လာတည်းက ယူနိုက်တက်က ပြောစရာတွေရှိခဲ့ပါတယ်။ မာရှယ်လ်ဒဏ်ရာရနေချိန်မှာ တန်ဟက်ခ်က ရော်နယ်ဒိုကို မသုံးဘဲ အဲရစ်ဆင်ကို အထောင်တိုက်စစ်မှူးနေရာ ထားခဲ့သလို ခြေစမ်းပွဲတွေမှာ တောက်လျှောက်သုံးခဲ့တဲ့ မာလာစီယာကိုလည်း အရံခုံထိုင်ခိုင်းခဲ့ပါတယ်။ လုခ်ရှောက ဒီပွဲမှာ သာမန်ပေးပို့၊ ဖြတ်ပို့မှုကိုတောင် အဆင်ပြေအောင် မလုပ်နိုင်ခဲ့ပါဘူး။
ပွဲအစပိုင်းရလာတဲ့ အခွင့်အရေးကို ဘရူနိုဖာနန်ဒက်စ် မိုးပေါ်ထောင်ကန်ခဲ့သလို အဲ့ဒီနောက်ပိုင်းမှာလည်း ယူနိုက်တက် တိုက်စစ်က ဘာအဆိပ်မှမရှိခဲ့ပါဘူး။ တိုက်စစ်လမ်းကြောင်းတောင် စတင်ဖို့ ခက်ခဲနေပြီး ဖရက်ဒ်တို့ တွမ်မီနေးတို့နဲ့တော့ ဘာမှဖြစ်မလာမှာကို အားလုံးလည်း သဘောပေါက်နေမှာပါ။
ပေးလိုက်ရတဲ့ပထမဂိုးမှာ လီဆန်ဒရိုနဲ့မက်ဂွိုင်းရားကြားထဲကနေ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝဲလ်ဘတ် ဒုက္ခပေးသွားတာဖြစ်ပြီး သူ့ရဲ့ဖန်တီးမှုကတဆင့် ဂရော့စ်က ပိတ်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယဂိုးကိုလည်း ဂရော့စ်ကပဲ လယ်လာနာရဲ့ ကန်ချက် ပြန်ထွက်လာတာကတဆင့် ပိတ်သွင်းယူခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဒီပွဲမစခင် ရော်နယ်ဒိုကို မသုံးဘူးပြောထားပေမယ့် ဂိုးလိုအပ်နေတဲ့အချိန် ဒုတိယပိုင်းမှာတော့ ထည့်သုံးခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ယူနိုက်တက်တို့ ဆက်တိုက်ဖိအားပေးလာခဲ့ပြီး ရပ်ရှ်ဖို့ဒ်တကြိမ် မိုးပေါ်ထောင်ကန်ခဲ့သလို အဲရစ်ဆင်ကန်ချက်ကို ဘရိုက်တန်ဂိုးသမား ဆန်းချက်ဇ်ပုတ်ထုတ်ခဲ့ရပါတယ်။
ဒါပေမယ့် အဲ့ဒီကနေတဆင့် ရရှိလာတဲ့ ထောင့်ကန်ဘောကနေ ဘရိုက်တန်တိုက်စစ်မှူး မက်အယ်လစ်စတာ ကိုယ့်ဂိုးကိုယ်သွင်းခဲ့မိပါတယ်။ နောက်ပိုင်းမှာ ယူနိုက်တက်တို့ ချေပဂိုးရဖို့ ဆက်လက်ဖိအားပေးခဲ့ပေမယ့် ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့တာမျိုးမရှိဘဲ ရာသီအဖွင့် အိမ်ကွင်းပွဲမှာတင် ရှုံးပွဲကြုံခဲ့ရပါတယ်။
တန်ဟက်ခ် ဘာကြောင့် ဒီဂျောင်ကို အသည်းအသန်လိုချင်ရလဲဆိုတာကို ဒီပွဲမှာ ထပ်မံမြင်တွေ့ခဲ့ရပြီး တိုက်စစ်ပိုင်းက ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ ကစားအားကျလာချိန်မှာလည်း တူတူတန်တန် လူစားလဲထည့်စရာမရှိခဲ့ပါဘူး။ ဒါတွေက ယူနိုက်တက်အနေနဲ့ လက်ရှိနွေရာသီအပြောင်းအရွှေ့လက်ကျန်ကာလမှာ သေချာပေါက် ဆက်လက်လှုပ်ရှားရဦးမယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။