iPhone ရောင်းအား ဒေါ်လာ ၄၀.၆ ဘီလျံ ဝင်ငွေရခဲ့ပါတယ်

အမေရိကန်ထိပ်တန်းနည်းပညာလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Apple ရဲ့ တတိယသုံးလပတ်ဝင်ငွေဟာ Wall Street ရဲ့ ရောင်းအားနဲ့ အမြတ် ခန့်မှန်းချက်ကို ကျော်လွန်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဖွံ့ဖြိုးမှု နှေးကွေးတယ်ဆိုပေမယ့် Apple ရဲ့ ၂၀၂၂ ခုနှစ် တတိယသုံးလပတ် ဘဏ္ဍာရေးကာလဝင်ငွေဟာ ဒေါ်လာ ၈၃ ဘီလျံ ရှိခဲ့ပြီး အသားတင်အမြတ် ဒေါ်လာ ၁၉.၄ ဘီလျံ ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူက ဝင်ငွေ ဒေါ်လာ ၈၁.၄ ဘီလျံ ရပြီး အသားတင် သုံးလပတ်အမြတ် ၂၁.၇ ဘီလျံ ရတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ သုံးလပတ်အတွက် အမြတ်မာဂျင်က ၄၃.၃% ရှိခဲ့တယ်လို့လည်း Apple ဘဏ္ဍာရေးအရာရှိချုပ် လူကာ မေးစထရီက ဆိုပါတယ်။ Apple ရဲ့ သုံးလပတ် ခွဲဝေပေးမှုဟာလည်း ရှယ်ယာတစ်စုကို ၀.၂၃ ဒေါ်လာရှိတယ်လို့ ကြေညာပါတယ်။ 




iPhone ကုမ္ပဏီအဖြစ် ကမ္ဘာကျော်တဲ့ Apple ရဲ့ အဓိက ဝင်ငွေကို iPhone နဲ့ ဝန်ဆောင်မှုကဏ္ဍတွေကနေ ရတာပါ။ ဒီနှစ် တတိယသုံးလပတ်အတွက်မှာလည်း Apple ဝင်ငွေရဲ့ ၄၉% နဲ့ ၂၃.၆% ကို iPhone နဲ့ Services စီးပွားရေးတွေကနေ ရရှိခဲ့တာလို့ ဆိုပါတယ်။ Mac ၊ iPad ၊ ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန် ၊ စမတ်အိမ်သုံးနဲ့ Accessory တွေရဲ့ ဝင်ငွေကတော့ အကျဘက် ရောက်လာနေပါတယ်။

iPhone ဝင်ငွေဟာ ဒေါ်လာ ၄၀.၆ ဘီလျံ ရှိပြီး အရင်နှစ်ကာလတူ ဝင်ငွေဖြစ်တဲ့ ၃၉.၅ ဘီလျံကနေ ၃% တိုးတက်လာခဲ့တာပါ။ iPad ဝင်ငွေနဲ့ Mac ဝင်ငွေဟာ အရင်နှစ်ကာလတူက ဒေါ်လာ ၇.၃ ဘီလျံ နဲ့ ဒေါ်လာ ၈.၂ ဘီလျံ ဝင်ငွေရခဲ့ရာကနေ ဒီနှစ် ဇွန်လအကုန် တတိယသုံးလပတ်မှာ ဒေါ်လာ ၇.၂ ဘီလျံနဲ့ ဒေါ်လာ ၇.၃ ဘီလျံ အကျဘက်ရောက်သွားခဲ့ပါတယ်။ Wearables ၊ Home နဲ့ Accessories တွေရဲ့ သုံးလပတ်ဝင်ငွေဟာ အရင်နှစ်က ဒေါ်လာ ၈.၇ ဘီလျံ ဝင်ငွေရခဲ့ရာကနေ ဒေါ်လာ ၈ ဘီလျံ နဲ့ ရပ်တည်ခဲ့ပါတယ်။ 


Services စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၁၇.၄ ဘီလျံ ရှိခဲ့ပြီး ဒီနှစ်အတွက်တော့ ဒေါ်လာ ၁၉.၆ ဘီလျံ အထိ တက်လာခဲ့ပါတယ်။ သုံးလပတ်အတွင်း Apple ဝင်ငွေ ၂% တိုးလာခဲ့ပြီး စက်တင်ဘာသုံးလပတ်ကာလမှာ ဝင်ငွေတိုးတက်မှု အရှိန်အဟုန်ဆက်ရှိနေဦးမယ်လို့ မျှော်လင့်ကြောင်းလည်း Apple CEO တင်မ်ကွတ်က ပြောပါတယ်။ Apple App Store ၊ Apple Music နဲ့ iCloud အပါအဝင် ထုတ်ကုန်ဝန်ဆောင်မှုတွေပေါ် အခပေးစာရင်းသွင်းသူ စုစုပေါင်း သန်း ၈၆၀ ရှိနေပြီလို့လည်း တင်မ်ကွတ်က ပြောခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က