ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီဟာ အသင်းရဲ့ ချန်ပီယံလိဂ်ဖလားနဲ့ အောင်ပွဲခံ အခမ်းအနားမှာ အာဒါဂူလာကို မိုက်ကရိုဖုန်း အတင်းထိုးပေးပြီး ပရိသတ်တွေနဲ့ စကားပြောစေခဲ့ပါတယ်။ ဒီကောင်လေးဟာ ပြီးခဲ့တဲ့နွေကမှ အသင်းကို ရောက်လာတဲ့ ကစားသမားပါ။
ရီးရဲလ်အသင်းသားတွေ ချန်ပီယံလိဂ်ဖလားနဲ့ အောင်ပွဲခံရင်း မက်ဒရစ်မြို့ရင်ပြင်မှာ ကစားသမားတွေက ပရိသတ်တွေကို အသီးသီးမိန့်ခွန်း ပြောကြားခဲ့ကြပါတယ်။ ဘယ်လင်ဟမ်၊ တိုနီကရူးစ်တို့က ပရိသတ်တွေကို စကားပြောကြားပြီးတဲ့နောက် အန်ဆယ်လော့တီက မိုက်ကို အာဒါဂူလာဆီ ပေးခဲ့ပါတယ်။
အသက် (၁၉) နှစ်အရွယ်သာရှိသေးတဲ့ ဒီကောင်လေးကတော့ ရှိုးတိုးရှန်းတန်းဖြစ်နေခဲ့ပြီး အန်ဆယ်လော့တီကတော့ အာဒါဂူလာကို အခွင့်အရေးပေးခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ အာဒါဂူလာကလည်း ရီးရဲလ်ပရိသတ်တွေကို အမှတ်တရစကားပြောကြားခဲ့ပါတယ်။
အာဒါဂူလာဟာ ရီးရဲလ်ကစားသမားဘဝ ပထမဆုံးရာသီမှာတင် စပိန်လာလီဂါ၊ စပိန်စူပါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒါ့အပြင် ဒီတူရကီ ဆယ်ကျော်သက်လေးက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး တူရကီသားလည်း ဖြစ်လာခဲ့ပါတယ်။
အာဒါဂူလာအနေနဲ့ အသင်းကို ရောက်ရောက်ချင်း အစောပိုင်းကာလတွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။ ဒါပေမယ့်လည်း အန်ဆယ်လော့တီက အာဒါဂူလာကို စိတ်ရှည်ရှည်နဲ့ အခွင့်အရေးပေးခဲ့ပြီး ရာသီကုန်ခါနီး ပွဲတွေမှာ အာဒါဂူလာက ဂိုးသွင်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။