ရှုံးပွဲမရှိတာ ကြာမြင့်နေပြီဖြစ်သလို ပေးဂိုးလည်း မပေးရတာ မိနစ်ပေါင်းအများကြီးရှိနေခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားကတော့ အိမ်ကွင်းမှာပဲ ဥရုဂွေးကို အရေးနိမ့်သွားခဲ့ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားခဲ့ရတာဖြစ်ပြီး မက်ဆီဦးဆောင်လာတဲ့ အာဂျင်တီးနားဟာ ဥရုဂွေးရဲ့ ကစားဟန်ကို မကျော်လွှားနိုင်ခဲ့ဘဲ အရေးနိမ့်သွားခဲ့တာပါ။
နှစ်သင်းစလုံးမှာ လူစုံတက်စုံပါဝင်ခဲ့ပြီး ဥရုဂွေးအတွက် ပြန်လည်ရွေးချယ်ခံထားရတဲ့ ဆွာရက်ဇ်ကတော့ အရန်ခုံမှာ ရှိနေခဲ့ပါတယ်။ ပွဲချိန်အစောပိုင်းမှာသာ ဒါဝင်နူနက်ဇ်ရဲ့ ကန်ချက် ဂိုးပေါက်တည့်ခဲ့ရင် ဥရုဂွေးတို့ ဦးဆောင်နိုင်ခဲ့မှာဖြစ်ပါတယ်။ လွဲချော်ခဲ့လို့သာ အာဂျင်တီးနားတို့ သက်သာရာရသွားခဲ့တာပါ။ ဒီနေ့ပွဲမှာ အာဂျင်တီးနားကစားပုံက အားနည်းနေခဲ့ပြီး ထိရောက်မှုလည်း နည်းပါးခဲ့ပါတယ်။
ဥရုဂွေးက အသင်းလိုက်ကစားပုံတောင် ပိုကောင်းခဲ့ပြီး ၄၁ မိနစ်မှာ အာရူဂျိုရဲ့ သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ နှစ်ဖက်ကစားသမားတွေကြားမှာလည်း အချင်းများမှုတွေရှိခဲ့ပြီး မက်ဆီလည်း ဝင်ပါခဲ့ကာ ပြိုင်ဘက်ကို လည်ပင်းညှစ်သလိုမျိုးဖြစ်ခဲ့ပေမယ့် ကံကောင်းလို့ အနီကတ်အပြမခံခဲ့ရပါဘူး။ အာဂျင်တီးနားတို့ ချေပဂိုးရဖို့အတွက် ဒုတိယပိုင်းမှာ တင်ကစားခဲ့ပေမယ့် ဥရုဂွေးခံစစ်ကို မထိုးဖောက်နိုင်ခဲ့ဘဲ အချိန်တွေကုန်ဆုံးနေခဲ့ရပါတာယ်။
မက်ဆီရဲ့ ဖရီးကစ်ကန်ချက် တိုင်ထိထွက်သွားလို့ နစ်နာခဲ့ရပြီး တည်ကန်ဘောတွေကလွဲရင် ကျန်တဲ့အပိုင်းမှာ ခြိမ်းခြောက်နိုင်မှု နည်းပါးခဲ့ပါတယ်။ ၈၇ မိနစ်မှာတော့ ဒါဝင်နူနက်ဇ်က ဥရုဂွေးအတွက် အနိုင်သေချာစေမယ့် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲက ပြီးသလောက်ဖြစ်သွားခဲ့ပြီး မက်ဆီတို့ ကမ္ဘာ့ဖလားချန်ပီယံတသိုက် အိမ်ကွင်းမှာ ရှုံးပွဲတွေ့ကာ ကမ္ဘာ့ဖလားရယူပြီးနောက် ပထမဆုံးအရှုံးကို မြည်းစမ်းလိုက်ရပါတော့တယ်။