မန်စီးတီးနည်းပြ ဂွါဒီယိုလာတယောက် မန်ချက်စတာမြို့လယ်ခေါင်မှာ စက်ဘီးစီးနင်းရင်း ရယ်ရခက်၊ ငိုရခက် အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ ဂွါဒီယိုလာဟာ အဖော်မပါဘဲ ညဘက်မှာ စက်ဘီးကိုတယောက်တည်း စီးနင်းလာခဲ့တာဖြစ်ပြီး လမ်းကြားလေးတခုအတွင်းကို ဦးတည်ခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီအချိန်မှာ မန်စီးတီးပရိသတ်တယောက်က ဂွါဒီယိုလာနဲ့အတူ ဓာတ်ပုံတွဲရိုက်ဖို့အတွက် တောင်းဆိုခဲ့ပေမယ့် ဂွါဒီယိုလာက ဘာမှမတုံ့ပြန်ဘဲ သူ့လမ်းသူ ဆက်သွားခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါပရိသတ်ကတော့ လက်မလျှော့ဘဲ “ပက်ပ်ရေ...ကျနော့်ကို ခင်ဗျားနဲ့ ဓာတ်ပုံတပုံလောက် တွဲရိုက်ခွင့်ပြုပါ” လို့ အော်ခေါ်ကာ နောက်တကြိမ် ထပ်မံကြိုးစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂွါဒီယိုလာက ဒီပရိသတ်ကို လွယ်လွယ်နဲ့လက်လျှော့အောင် လုပ်လို့မရဘူးဆိုတာ နားလည်သွားဟန်ရှိပါတယ်။
ဂွါဒီယိုလာအနေနဲ့ စက်ဘီးကို ဖြည်းဖြည်းချင်းရပ်တန့်ပြီး ဒီပရိသတ်နဲ့အတူ ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာရဲ့ပုံစံက မရွှင်မပျဖြစ်သွားခဲ့ပြီး အနှောင့်အယှက်ဖြစ်သွားခဲ့ဟန်ရှိပါတယ်။ ဒီဖြစ်ရပ်ဟာ ဘယ်နေ့ကဖြစ်ပွားခဲ့တယ်လို့ အတိအကျမသိရှိရပေမယ့် တနင်္ဂနွေည ဒါမှမဟုတ် တနင်္လာမနက်အစောပိုင်းဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ ဗြိတိန်အခြေစိုက်သတင်းဌာနတွေကဆိုပါတယ်။
မန်စီးတီးဟာ ဒီကနေ့မှာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေကို ပြန်လည်စတင်တော့မှာလည်းဖြစ်ပါတယ်။ မနေ့ကတုန်းက မန်စီးတီးက ကစားသမားသစ်တွေနဲ့ ပရိသတ်တွေကို မန်ချက်စတာမြို့မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ရာသီသစ်ကို အစောဆုံးစတင်ရမယ့် အသင်းတသင်းလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအနေနဲ့ ဇူလိုင် (၃၀) မှာ ကွန်မြူနတီဒိုင်းလုပွဲအဖြစ် လီဗာပူးနဲ့ ကစားရမှာပါ။ ဒီပွဲမတိုင်ခင်မှာ ကလပ်အမေရိက၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ရာသီကြိုခြေစမ်းပွဲ ကစားဖို့ရှိပြီး သြဂုတ် (၇) မှာတော့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် ဝက်စ်ဟမ်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။