အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ဟာ ယခုပြိုင်ပွဲအပြီးမှာတော့ ထိုင်းလိဂ်ကို ပြောင်းရွှေ့ကစားဖို့ စီစဉ်ထားကြောင်း ၎င်း၏ အေးဂျင့်ဖြစ်သူ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

Photo: AFF

မောင်မောင်လွင်ဟာ ဆူဇူကီးပြိုင်ပွဲအပြီးမှာ စင်ကာပူနိုင်ငံကနေ ထိုင်းနိုင်ငံကို တိုက်ရိုက်သွားရောက်ပြီး ထိုင်းလိဂ်အသင်း တစ်သင်းနဲ့ ဆေးစစ်မှု၊ ဆွေးနွေးမှုတွေ လုပ်ဆောင်မယ်လို့ ဦးရဲနိုင်ဝင်းက ဆိုပါတယ်။ “ မောင်မောင်လွင်ကို ဆူဇူကီးပြီးတာနဲ့ ထိုင်းလိဂ်ကို ပြောင်းဖို့ အားလုံး ပြင်ဆင်ပြီးပါပြီ။ စင်ကာပူကနေ ထိုင်းကို တိုက်ရိုက်သွားမှာပါ။ ဘယ်အသင်းကို ပြောင်းမလဲ ဆိုတာတော့ ဆွေးနွေးမှုတွေ မပြတ်သေးတဲ့အတွက် မပြောပါရစေနဲ့။ ထိုင်းလိဂ်ကို ပြောင်းမှာက ဟုတ်ပါတယ်။ လိဂ်-၁ ဖြစ်မလား။ လိဂ်-၂ ဖြစ်မလား ဆိုတာ ဒီတစ်ပတ်အတွင်း သိရပါမယ် “ ဟု ၎င်းက ပြောပါတယ်။

Photo: AFF

မောင်မောင်လွင်ဟာ ယခုနှစ် ဆူဇူကီးပြိုင်ပွဲရဲ့ စောင့်ကြည့်ခံရတဲ့ ကစားသမား စာရင်းမှာ ပါဝင်နေပြီး အုပ်စုပွဲစဉ် သုံးပွဲမှာ မြန်မာအသင်းအတွက် တစ်ဂိုးသွင်းယူပေးထားပါတယ်။ ဒါ့အပြင် မြန်မာအသင်းက တီမောကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ အသက် ၂၆ နှစ် အရွယ် မောင်မောင်လွင်ဟာ ဟံသာဝတီယူနိုက်တက်အသင်းရဲ့ လူငယ်အသင်းက ပေါ်ထွက်လာတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ၂၀၁၇ တွင် ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွေ့ခဲ့ပါတယ်။ ယခုနှစ် အောက်တိုဘာမှာတော့ မောင်မောင်လွင်ဟာ ရန်ကုန်အသင်းနဲ့ စာချုပ်ဖျက်သိမ်း ထားတဲ့အတွက် အသင်းလက်မဲ့ ဖြစ်နေပါတယ်။


Share

က္က