အာဆီယံဆူဇူကီးဖလား အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာဘောလုံးအသင်းကို အနိုင်ကစားရန် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင်အသင်းနည်းပြချုပ် စတီးဝပ်ဟောက ထိုင်းနဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo: AFF

ဖိလစ်ပိုင်အသင်းဟာ အုပ်စု တတိယ ပွဲစဉ်မှာ ထိုင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် အုပ်စု ၃ ပွဲကစား ရမှတ် ၃ မှတ်သာ ရရှိထားတဲ့အတွက် အုပ်စုနောက်တစ်ဆင့်ကို တက်ရောက်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ကို ဂုဏ်သိက္ခာပိုင်းအရ အနိုင်ကစားဖို့ ပြင်ဆင်သွားပါမယ်လို့ စတီးဝပ်ဟောက ပြောခဲ့ပါတယ်။

Photo: AFF

"ထိုင်းက အင်အားကြီး အသင်းတစ်သင်းပါ။ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ထိုင်းကို ရှုံးနိမ့်ခဲ့ရပြီး အုပ်စုက တက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် အသင်းရဲ့ ဂုဏ်သိက္ခာပိုင်းအရ အုပ်စုနောက်ဆုံး မြန်မာနဲ့ပွဲကို အကောင်းဆုံး ယှဉ်ပြိုင်ပါမယ်။ မြန်မာအသင်းကို အနိုင်ကစားဖို့လည်း ပြင်ဆင်သွားပါမယ်" လို့ စတီးဝပ်ဟောက ဆိုပါတယ်။

Photo: AFF

မြန်မာအသင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ဟာ လာမယ့် ဒီဇင်ဘာ ၁၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ဖိလစ်ပိုင်အသင်းတို့ဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဖိလစ်ပိုင်အသင်းက ၂ ကြိမ် အနိုင်ရပြီး ၂ ကြိမ်သရေကျကာ မြန်မာအသင်းက ၁ ကြိမ် အနိုင်ရရှိထားပါတယ်။ အာဆီယံ ဆူဇူကီးဖလား အုပ်စု (က) ပွဲစဉ် သုံးပွဲ ကစားပြီးချိန်မှာတော့ ထိုင်းအသင်းနဲ့ အိမ်ရှင် စင်ကာပူအသင်းတို့က ရမှတ် ၉ မှတ်စီနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ဖိလစ်ပိုင်နဲ့ မြန်မာအသင်းတို့ကတော့ ရမှတ် ၃ မှတ်စီသာ ရရှိထားတဲ့အတွက် အုပ်စုအဆင့်ကနေ လှည့်ပြန်ရတော့မှာ ဖြစ်ပါတယ်။

Share

က္က