ဆီမီးဖိုင်နယ်မတက်ရင် ရာထူးကထွက်မယ်လို့ ကတိပေးထားခဲ့တာပါ။

ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖြစ်သူဟာ လက်ရှိကျင်းပနေတဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ ကမ္ဘောဒီးယား ယူ-၂၂ အသင်းက မြန်မာ ယူ-၂၂ အသင်းကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ရာထူးက နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ ဆာအိုဆိုခါဟာ သူတို့အသင်း ဆီမီးဖိုင်နယ်ကို မရောက်ခဲ့ဘူးဆိုရင် ရာထူးက နုတ်ထွက်မယ်လို့ ကြိုတင်ပြောဆိုထားခဲ့သူလည်း ဖြစ်ပါတယ်။ 

မြန်မာကို အရေးနိမ့်ခဲ့တာကြောင့် ကမ္ဘောဒီးယားဟာ ဆီမီးဖိုင်နယ်တက်ရောက်ဖို့ မသေမချာဖြစ်သွားခဲ့ပြီး အင်ဒိုနီးရှားနဲ့ ကစားရမယ့်ပွဲကို မဖြစ်မနေအနိုင်ကစားရမှာပါ။ အနိုင်ရရင်တောင်မှ တဖက်မှာ မြန်မာက ဖိလစ်ပိုင်ကို အနိုင်မရဖို့ လိုအပ်နေပြီး စောင့်ကြည့်ရမှာဖြစ်လို့ အခက်အခဲတွေ အများကြီးရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ 

ကမ္ဘောဒီးယားသတင်းစာ Thmey Thmey ရဲ့ ဖော်ပြချက်အရ ဥက္ကဌဖြစ်သူ နုတ်ထွက်ခဲ့ကြောင်း သိရှိရတာဖြစ်ပါတယ်။ "ကျနော်ပ​ေးထားတဲ့ ကတိကို လေးစားမှုရှိပါတယ်၊ ကျနော့်ရဲ့ ဒီရာထူးတာဝန်ကနေ နုတ်ထွက်ပါတယ်" လို့ ရှုံးပွဲပြီးပြီးချင်းမှာပဲ ဆာအိုဆိုခါက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့တယ်လို့ သိရပါတယ်။ 

"ကျနော်ရဲ့ တာဝန်တွေအားလုံးကို ဒုတိယဥက္ကဌဆီ လွှဲပြောင်းပေးနေပါပြီ၊ ဆီးဂိမ်မှာ ကမ္ဘာဒီးယားအတွက် ဂုဏ်ယူဖွယ်ရာဖြစ်အောင် မလုပ်နိုင်ခဲ့လို့လည်း တောင်းပန်ပါတယ်" လို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။ ကမ္ဘောဒီးယားဟာ အုပ်စုအဖွင့်ပွဲမှာ အနိုင်ရခဲ့ပေမယ့် ဖိလစ်ပိုင်ကို သရေကျခဲ့ကာ မြန်မာကို အရေးနိမ့်ခဲ့တာပါ။ 

အမျိုးသားအသင်းက အခြေအနေမကောင်းပေမယ့် အမျိုးသမီးအသင်းကတော့ ၂ပွဲဆက်တိုက်နိုင်ပွဲရခဲ့ကာ ဆီးဂိမ်းသမိုင်းတလျှောက် ပထမဆုံးအ​ကြိမ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က