စပိန်ကလပ်အသင်းတသင်းဖြစ်တဲ့ လီဂါနက်စ်မှာ ကစားနေတဲ့ မြန်မာနွယ်ဖွားကစားသမား အာသာဖဟာ နည်းပြပိုပေါ့ဗ်ရဲ့ မြန်မာယူ-၂၃ အသင်းအတွက် ကစားပေးတော့မယ်လို့ သိရပါတယ်။ ကစားသမားက သူ့ရဲ့အင်စတာဂရမ် Story မှာ မြန်မာအသင်းဝတ်စုံနဲ့တကွ ဖော်ပြခဲ့တာဖြစ်ပြီး ကစားဖို့အတွက်လည်း ခွင့်ပြုချက်ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အာသာဖဟာ လီဂါနက် ယူ-၂၃ အသင်းအတွက် ကစားပေးနေသူဖြစ်ကာ အရင်ကတည်းက အခွင့်အရေးရမယ်ဆိုရင် မြန်မာကိုယ်စားပြုကစားမယ်လို့ ဖွင့်ဟထားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ Story မှာတော့ "မြန်မာကိုယ်စားပြုပြီးတော့ ကစားရတော့မယ်၊ ဂုဏ်ယူမိပါတယ်" လို့ ရေးသားထားခဲ့တာဖြစ်ပြီး ကစားသမားဘက်က အတည်ပြုသွားခဲ့တာလည်းဖြစ်ပါတယ်။
လီဂါနက်စ်ကတော့ စပိန်လာလီဂါမှာကစားဖူးတဲ့အသင်းဖြစ်ပြီး မြန်မာပရိသတ်တွေအတွက်လည်း မစိမ်းတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် အာသာဖကတော့ အသင်းကြီးမှာကစားရတာမဟုတ်ဘဲ လူငယ်အသင်းမှာသာ ကစားရတာဖြစ်ကာ သူ့ရဲ့ခြေစွမ်းနဲ့အတွေ့အကြုံတွေက မြန်မာယူ-၂၃ အသင်းအတွက် အထောက်အကူပေးနိုင်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
မြန်မာယူ-၂၃ အသင်းဟာ အာဆီယံယူ-၂၂ ပြိုင်ပွဲကစားရဖို့အတွက် ရှိနေတာမို့ အဆိုပါပြိုင်ပွဲဝင်အသင်းမှာ အာသာဖ ပါဝင်နိုင်ခြေများနေတယ်လို့ သိရပါတယ်။ အာသာဖကတော့ မြန်မာအသင်းရဲ့ သက်တမ်းအလိုက်ဘယ်အသင်းမှာကစားမလဲဆိုတာကို ပြောဆိုထားခြင်းမရှိတာကြောင့် သူ့အသက်အရွယ်နဲ့ ပိုမိုလိုက်ဖက်တဲ့ မြန်မာယူ-၂၃ ဖြစ်မယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။