In partnership with  logo
မြန်မာမှုပြုအိမ်ပုံစံငယ်လေးတွေမြင်ရင် သူ့ကို တန်းသိတာမျိုး လိုချင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ မြင်တွေ့ရလေ့ရှိတဲ့ မြန်မာဓလေ့တွေ ၊ ကျေးလက်ပုံစံဓလေ့လေးတွေ လွှမ်းခြုံထားတဲ့ အိမ်လေးတွေနဲ့ တစ်ထပ်တည်းတူညီတဲ့ မြန်မာမှုအိမ်ပုံစံငယ်လေးတွေကို ပြုလုပ်တည်ဆောက်ရင်း လူသိများလာသူတစ်ဦးကတော့ Miniature ပညာရှင် ကိုအောင်မျိုးဦးပဲဖြစ်ပါတယ်။ လှပသေသပ်ပြီး အနုပညာမြောက်လှတဲ့ လက်ရာကြောင့် Miniature လောကမှာ အနေအထားတစ်ခုနဲ့ ရပ်တည်လာနိုင်သလို ကိုအောင်မျိုးဦးရဲ့ Artwork တွေကို သဘောကျလက်ခံကြသူတွေလည်း အများကြီးပါပဲ။ ဒီလိုနေရာမှာ ရပ်တည်လာနိုင်ဖို့ အများကြီး တည်ဆောက်ယူခဲ့ရတယ်လို့ သိရပါတယ်။ 


ကလေးကစားဖို့ အိမ်ဆောက်ရာကနေ Miniature လောကထဲရောက်လာသူ 


ပထမဆုံးတော့ ကိုအောင်မျိုးဦးဟာ ကလေးကစားဖို့ အိမ်ငယ်လေးတွေ စတင်ဆောက်ခဲ့တာလို့ သူကပြောပါတယ်။ တဖြေးဖြေးနဲ့ တစ်စထက်တစ်စ စိတ်ဝင်စားလာချိန်မှာတော့ အွန်လိုင်းဂရုတွေကနေ တစ်ဆင့် ဒါတွေကို  Artwork တစ်ခုအနေနဲ့ ပြုလုပ်လို့ ရနိုင်ပါလားဆိုတာ သိသွားခဲ့သူပါ။  

ဒါတွေကို Artwork တစ်ခုအနေနဲ့ မသိခင်ကတည်းက အိမ်လေးတွေကို ဆောက်ဖြစ်တာ၊ ကလေးကစားဖို့ အိမ်လေးတွေ ဟိုးအရင်ကတည်းက ဆောက်ဖြစ်တယ်။ နောက်ပိုင်း ဒါတွေကို ထဲထဲဝင်ဝင် လုပ်ဖြစ်သွားတာက Miniature Group လေးတွေနဲ့ သွားဂျွိုင်းမိသွားတယ်၊ ဂျွိုင်းမိသွားတဲ့အချိန်မှာ သူတို့လက်ရာတွေ အရမ်းသဘောကျပြီး  ဒါမျိုးလုပ်လို့ရပါလား ဆိုတာ သိပြီးတော့ ကိုယ် စပြီးတော့ လုပ်ခဲ့တာပေါ့။” 



အွန်လိုင်းဂရုတွေကနေတစ်ဆင့် လေ့လာသင်ယူခဲ့


Miniature Groupတွေကနေတစ်ဆင့် ပညာရှင်တွေနဲ့ သိကျွမ်းရင်းနှီးသွားချိန်မှာတော့ ကိုယ့်ရဲ့ လက်ရာတွေကို ပညာရှင်တွေဆီ ပြသရင်း လိုအပ်တဲ့ ဝမ်းစာတွေ ဖြည့်ခဲ့ပါတယ်။ ဒီလို ပညာရှင်တွေဆီက အကြံဉာဏ်ယူသလို Youtube Channel တွေကနေ တစ်ဆင့်လည်း လေ့လာဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။ 

“ဒါတွေ မတိုင်ခင်က လက်သမားလုပ်ဖူးတယ်၊ လက်သမားလုပ်ဖူးတယ်ဆိုတော့ အိမ်လေးတွေနဲ့ကျတော့ သိပ်ပြီးတော့ မစိမ်းဘူး။ အကြီးနဲ့ အသေးပဲ ကွာလို့ လုပ်ရတာလွယ်လားဆိုတော့ လွယ်တယ်လို့ ထင်ပြီး လုပ်လိုက်တာပဲ။ ဒါပေမယ့် မလွယ်ပါဘူး။  အများကြီးထပ်ပြီး သင်ယူလေ့လာရတယ်။ Youtube Channel မှာဆိုလည်း လုပ်နေတဲ့ဟာလေးတွေ လေ့လာတယ်၊ အဓိက ပြည်တွင်းက ဟာတွေ ပိုလေ့လာဖြစ်တယ်။”  


အွန်လိုင်းက သူငယ်ချင်းတွေရဲ့ အားတွေရရှိခဲ့ 


လက်ရာတစ်ခုပြီးမြောက်တိုင်း အွန်လိုင်းပေါ် ပုံလေးတွေ တင်တဲ့အခါမှာတော့ အွန်လိုင်းပေါ်က သူငယ်ချင်းတွေ က ချီးကျူးထောပနာ ပြုခဲ့ကြပါတယ်။ ပထမဦးဆုံး စလုပ်ဖြစ်ခဲ့တဲ့ လက်ရာလေးကိုလည်း အွန်လိုင်းက သူငယ်ချင်းတွေကပဲ ဝယ်ယူသွားပြီးတော့ ဆက်တိုက်ဆိုသလို အိမ်ပုံစံငယ်လေးတွေ ဆောက်လုပ်ဖြစ်ခဲ့တာပါ။ ကိုအောင်မျိုးဦးရဲ့ အိမ်ပုံစံငယ်ကို ကြိုက်လွန်းတဲ့အတွက် အိမ်ပုံစံငယ်ကိုလည်း ဝယ်ယူသလို အိမ်ပုံစံငယ်နဲ့ တစ်ပုံစံတည်း တူညီတဲ့ အိမ်တစ်လုံး ဆောက်လုပ်ပေးဖို့ ကမ်းလှမ်းခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ 



အိမ်ကို အသေးစိတ်ပုံဖော်ဆောက်လုပ်သူ 


အိမ်ပုံစံငယ်ဆိုပေမယ့်လည်း ပညာရှင် ကိုအောင်မျိုးဦးဟာ လူနေအိမ်နဲ့ တစ်ထပ်တည်း ပုံစံတကျ ဆောက်လုပ်ရတာကို ပိုအားသန်သူဖြစ်ပါတယ်။ အိပ်ခန်းတွေ၊ ဘုရားခန်းတွေသာမက စာအုပ်စင်၊ ကုတင်၊ အဝတ်ဗီရို ၊ အဝတ်အစား ၊ စာအုပ်လေးတွေသာမက ပန်းကန်ခွက်ယောက်၊ ဒန်အိုး ဒန်ခွက် ၊ မီးဖို စတဲ့ အိမ်သုံးပစ္စည်းတွေကအစ အိမ်ပုံစံငယ်လေးထဲ အကုန်အသေးစိတ် ထည့်သွင်းပြုလုပ် တည်ဆောက်ရတာကို ပိုသဘောတွေ့တယ်လို့ သိရပါတယ်။ 


ကုမ္ပဏီတစ်ဖက်နဲ့ ပြုလုပ်နေသူ 


ဒီလိုအိမ်ပုံစံငယ်လေးတွေ ကို ပဲ ပြုလုပ်နေသူမဟုတ်ဘဲ ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းအနေနဲ့ လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။ နေ့စဉ် အိမ်ကို ညနေ ၄ နာရီမှာ ပြန်လည်ရောက်ရှိပြီး ညနေ ၄ နာရီကစလို့ ည ၁၀ နာရီထိ ဒီ အိမ်ပုံစံငယ်လေးတွေကို ထိုင်ဆောက်နေတတ်ပြီး ဒီအိမ်လေးတွေ ဖန်တီးနေချိန်မှာ စိတ်အေးချမ်းပြီး ပျော်ရွှင်ကျေနပ်နေတာလို့ ဆိုပါတယ်။ 





အိမ်ပုံစံငယ်တွေရဲ့ ဈေးနှုန်းတွေ 


အိမ်ပုံစံငယ်လေးတွေရဲ့ ဈေးနှုန်းကတော့ လေးသိန်း ဝန်းကျင်ကနေ ဆယ်သိန်းကျော်ထိ အစားစား ရှိတယ်လို့ သိရပါတယ်။ 

“တချို့က ဒီအိမ်လေးကို ကလေးဆော့ဖို့ ဆိုပြီး လာဝယ်ရင် အစ်ကိုမရောင်းဘူး ။ ဘယ်လောက်ပေးပေး မရောင်းဘူး။ အစ်ကိုတို့ ဒီအိမ်တွေကို အစ်ကိုတို့ လုပ်တဲ့သူတွေက အများကြီး စိတ်နှစ်တန်ဖိုးထားပြီး လုပ်ထားရတာ၊ လွှတွေကိုင် ဆောက်တွေကိုင်ပြီး လုပ်ရတော့ အမြဲတမ်းလက်မှာ ဒဏ်ရာဒဏ်ချက်တွေချည်းပဲ။ အချိန်တွေလည်း အများကြီးပေးထားတာ ၊ ဒီတော့ အစ်ကိုတို့ တန်ဖိုးထားတယ်၊ ဝယ်တဲ့သူကလည်း တန်ဖိုးထားတယ်ဆိုမှ အစ်ကိုတို့ ရောင်းမှာ”  


ဝါသနာပါသူတွေအတွက် စကားလက်ဆောင် 


“ဝါသနာပါတဲ့သူတွေကတော့ များများလေ့လာ၊ များများလုပ် ၊ အခက်အခဲတွေ့ရင်နောက်မဆုတ်နဲ့၊ မသိတာရှိရင်မေး”  လို့ သူက ဝါသနာပါသူတွေ လူငယ်လေးတွေအတွက် စကားလက်ဆောင်ပါးခဲ့ပါတယ်။ 


ဒီလို မြန်မာမှုအိမ်ပုံစံငယ်လေးတွေဆောက်ရင်း ဝါသနာကို အရင်းခံပြီး ရပ်တည်လာတဲ့ ကိုအောင်မျိုးဦးကတော့ မြန်မာ့ကျေးလက်အိမ်ပုံစံငယ်လေးတွေကို တစ်စိုက်မတ်မတ် ဆောက်လုပ်နေဦးမှာလို့လည်း ဆိုပါတယ်။


ဝါသနာပါသူလူငယ်တွေအနေနဲ့လည်း ကိုယ်ဝါသနာပါရာကို အွန်လိုင်းတွေကနေတစ်ဆင့်သင်ယူတာ ၊ ကိုယ့်ထက်သိနားလည်သူတွေကို မေးမြန်းပြီး လေ့လာတာမျိုးတွေနဲ့ ဝါသနာကို အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်ကြသူတွေ ဖြစ်နိုင်ကြပါစေ။

Share

Loading Next Article...
က္က