မြန်မာ့ရိုးရာမုန့်စစ်စစ်တွေရဲ့ အရသာကို အပြည့်အဝပေးစွမ်းနိုင်တဲ့ ဆိုင်လေးပါ။

နံနက်ခင်းမှာ အညာလက်ရာစစ်စစ်ဖြစ်တဲ့ ရွှေရည်မြန့်မာရိုးရာမုန့်မျိုးစုံဆိုင်က ကျောက်ပန်းတောင်းပလာတာသုပ်လေးနဲ့ မြေအိုးလေးနဲ့ လုပ်ထားတဲ့ မုန့်ပျားသလက်ပူပူလေးကို စားလိုက်ရတဲ့အခိုက်အတန့်က မြန်မာမုန့်ကြိုက်နှစ်သက်တဲ့သူတွေအတွက် ပြီးပြည့်စုံတဲ့ နံနက်ခင်းတစ်ခုကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ။



မြန်မာ့ရိုးရာမုန့်တွေကို ချစ်မြတ်နိုးစိတ်နဲ့ စတင်ခဲ့တဲ့ဆိုင်လေး

ဒီဆိုင်လေးကိုတော့ ဖခင်ဖြစ်သူက ၂၀၀၀ ခုနှစ် ဒီဇင်ဘာလ ၂၅ နှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုဆို နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိလာပြီလို့ လက်ရှိမှာ ဆိုင်ကို ဦးစီးနေသူ မမေသီရိ က ပြောပါတယ်။

“ ဖွင့်တဲ့အကြောင်းကတော့ အဖေက မြန်မာမုန့်တွေ တိမ်ကောနေတာကို မကြိုက်ဘူး။ ငယ်ငယ်ကတည်းကလည်း မြန်မာမုန့်တွေကိုစားလာတာဖြစ်တော့ ဆိုင်လေးဖွင့်ဖို့ စိတ်ကူးတယ်။ ကျောက်ပန်းတောင်းဘက်မှာ အသိတွေ ရှိတော့ ကျောက်ပန်းတောင်းကို အလည်တွေသွားတဲ့အခါ ပလာတာသုပ်ကိုစားဖြစ်တယ်။ စားဖြစ်တော့ အမေက ကျောက်ပန်းတောင်းပလာတာလုပ်တဲ့ ပညာကို အဲဒီကနေ သင်လာပြီးတော့ ဒီမှာ ‌ ရောင်းဖြစ်တာပေါ့။ ဆန်ဆနွင်းမကင်းဆိုလည်း အစ်မတို့ ငယ်ငယ်ကတည်းက သ‌ရေစာအဖြစ်စားလာတယ်။ အဘွားက လုပ်ကျွေးတယ်။ အဲလိုမျိုးတွေနဲ့ အိမ်မှာစားနေကျ မုန့်တွေကို အဖေက ဆိုင်လေးအဖြစ်နဲ့ ဖွင့်လိုက်တာပါ” လို့ မမေမမေသီရိက ဆိုပါတယ်။

မြန်မာ့ရိုးရာမုန့် အမျိုးပေါင်း (၂၀) ခန့် ရရှိနိုင်တဲ့ဆိုင်

စဖွင့်ချင်းမှာတော့ အဓိက အစားအစာအနေနဲ့ ကျောက်ပန်းတောင်းပလာတာသုပ်၊ မုန့်ပျားသလက်၊ ဆန်ဆနွင်းမကင်း တို့အပြင် မြန်မာမုန့်မျိုးစုံကို ရောင်းချပေးတာဖြစ်ပါတယ်။

အခုလက်ရှိ ဆိုင်မှာရနိုင်တာတွေကတော့ ကျောက်ပန်းတောင်းပလာတာသုပ်၊ နန်းကြီးသုပ်၊ နန်းပြားသုပ် စတဲ့ အသုပ်မျိုးစုံအပြင် အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ရွှေတောင်ခေါက်ဆွဲ ၊ နံနက်ခင်းအစားအစာ (၁၀) မျိုးကျော်၊ မြန်မာမုန်ဆိုလည်း ဆန်ဆနွင်းမကင်း၊ မုန့်ပျားသလက်၊ ဘိန်းမုန့်၊ ကောက်ညှင်းငချိတ်၊ ဆီထမင်း၊ မုန့်ဗိုင်းတောင့်၊ မုန့်ဦးနှောက်၊ခေါပြင်၊ သာကူ စတဲ့ မုန့်အမျိုးအစုံပေါင်း (၂၀) နီးပါးလောက်ရှိပါတယ်။

စျေးနှုန်းကိုလည်း လူတန်းစားမရွေးစားလို့ရအောင် သင့်တင့်တဲ့စျေးနှုန်းနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ စစဖွင့်ချင်းက မုန့်ပျားသလက်တစ်ခုကို ၁၀၀၊ မြန်မာမုန့်တစ်ပွဲကို ၃၀၀၊ လောက်နှုန်းနဲ့ ရောင်းချခဲ့ပေမယ့် အခုတော့ ကုန်စျေးနှုန်းတွေကြောင့် မုန့်ပျားသလက်တစ်ခုကို ၄၀၀၊ မြန်မာမုန့်တစ်ပွဲကို ၁၀၀၀ ခန့် ရောင်းချရတယ်လို့ ဆိုပါတယ်။

နာမည်ဂုဏ်သတင်းကောင်းတွေနဲ့ ရပ်တည်နိုင်နေပြီ

ဆိုင် စစဖွင့်ချင်းမှာ ရွှေရည်ဆိုတဲ့ နာမည်လေး ဖြစ်လာဖို့ ၃ နှစ်လောက် အရှုံးခံရောင်းခဲ့ရပါတယ်။ ၅ နှစ်လောက် ကြာလာမှ မြန်မာမုန့်ဆိုတာနဲ့ ရွှေရည်ဆိုတဲ့ ဆိုင်လေးကို တွဲမြင်ပြီး အဲဒီနောက်ပိုင်းမှာ လူတွေ တဖြတဖြည်းဖြည်းသိလာတကြတာဖြစ်ပါတယ်။

“ အခုဆို စားသုံးသူတွေက တချို့တွေဆို အမတို့ဆိုင်က ပလာတာသုပ်မှ၊ အမတို့ဆိုင်က မုန့်ပျားသလက်မှ။ စားသုံးသူတိုင်းက အမတို့ဆိုင်က မုန့်ပျားသလက်ကို ပိုကြိုက်ကြတယ်။ ဆိုင်စဖွင့်ကတည်းကနေ နှစ် ၂၀ တိုင်တိုင်အားပေးတဲ့ စားသုံးသူတွေ အခုထိရှိပါတယ်” လို့ ဆိုင်ကို ဦးစီးနေသူ မမေသီရိက ပြောပါတယ်။

နှစ် ၂၀ ကျော် တိုင်တိုင် အရည်အသွေးကို ထိန်းသိမ်းနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်

နှစ်ပေါင်း ၂၀ ကျော် တိုင်တိုင် ရွှေရည်မြန်မာမုန့်ဆိုင်ရယ်လို့ လူသိများလာဖို့ ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မမဟုတ်ပါဘူး။ မုန့်တွေရဲ့ အရည်အသွေးကို ထိန်းသိမ်းနိုင်ဖို့အတွက် မြန်မာ့မုန့်တွေ လုပ်တဲ့အခါ ကြာရှည်ခံဆေးတွေ မသုံးသလို အချိုမှုန့်၊ စားအုန်းဆီလုံးဝမသုံးဘူးလို့ ဆိုပါတယ်။ မုန့်လုပ်တဲ့အခါမှာ မိရိုးဖလာနည်းကိုပဲ အသုံးပြုတာဖြစ်တဲ့အတွက် မုန့်တွေကို တာရှည်ခံနည်းနဲ့ မလုပ်ထားတာဖြစ်ပါတယ်။ မုန့်တွေကို ဒီနေ့ ဆန်စိမ်၊ ဒီနေ့ကြို၊ ဒီနေ့ကြိတ်တာဖြစ်တဲ့အတွက် တစ်ရက်ပဲ စားလို့ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆိုင်မှာလည်း တစ်ရက်ထက်ပိုပြီး လုံးဝမရောင်းသလို သန့်ရှင်းလတ်ဆတ်မှုကိုသာ အဓိက ဦးစားပေးထားတာဖြစ်ပါတယ်။

 “ အရည်အသွေးပိုင်းမှာဆိုလည်း တစ်ခါတစ်လေမှာ ကုန်ကြမ်းအခက်အခဲတွေကြောင့် ချို့ယွင်းချက်တွေ ရှိနိုင်တယ်။ တစ်ခါတစ်လေမှာ ဆန်အပြောင်းအလဲ၊ ထန်းညက်အပြောင်းအလဲ စတာတွေကြောင့်လည်း မုန့်က တစ်ခါတစ်လေကျ စားမကောင်းတာ ကွာလတီမကောင်းတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမျိုးမဖြစ် ရအောင် ကုန်ကြမ်းတွေက အစ အဖေ ၊ အစ်မတို့တွေက ကြည့်ရှုစစ်ဆေးရပါတယ်” လို့ မမေသီရိက ဆိုပါတယ်။

စားသုံးသူတွေကို အကောင်းဆုံးဝန်ဆောင်မှုပေးချင်တဲ့ စေတနာ

ရွှေရည်မြန်မာ့ရိုးရာမုန့်မျိုးစုံဆိုင်လေးဟာ မိသားစုလုပ်ငန်းလေးလည်းဖြစ်၊ ဖခင်ဖြစ်သူက လက်ဆင့်ကမ်းထားတဲ့ လုပ်ငန်းလေးဖြစ်တာကြောင့် ဖခင်ဖြစ်သူ သင်ပေးထားတဲ့အတိုင်း စားသုံးသူတွေအပေါ် ထားတဲ့ စေတနာအပြင် ဖခင်လက်ထက်ကတည်းက ထိန်းသိမ်းလာတဲ့ မုန့်အရည်အသွေးတွေကြောင့် နှစ်တွေဘယ်လောက်ကြာကြာ ထိန်းသိမ်းရပ်တည်နိုင်ခဲ့တဲ့ ဆိုင်လေးဖြစ်ပါတယ်။

“ အစ်မအဖေ သသင်ပေးထားတဲ့အတိုင်း ကိုယ့်ကို ထမင်းကြွေးတဲ့အလုပ်ရှင်လို စားသုံးသူတွေကို စေတနာအပြည့်နဲ့ ဝန်ဆောင်မှုပေးတာပါ။ လူတွေကို ကိုယ်စားသလို ပေးရတာနဲ့ စားရတာနဲ့ တန်အောင် အဲဒီလို စေတနာအပြည့်နဲ့ ဆောင်ရွက်ပေးတာပါ။ မုန့်အော်ဒါလည်း လက်ခံတယ်။ Delivery လည်း Foodpanda နဲ့ လက်ခံတယ်။ Foodpanda က စမ်းချောင်း၊ ကြည့်မြင့်တိုင် နဲ့ အလုံလောက်ပဲ ရသေးတယ်။ မြို့ထဲက စားချင်တဲ့ ကာစတန်မာတွေဆိုရင်လည်း ကားငှားပြီး ပို့ပေးတာမျိုးလုပ်ပါတယ်” လို့ မမေသီရိက ပြောပါတယ်။

ရွှေရည်မြန်မာမုန့်ဆိုင်လေးကတော့ အမှတ် (၂၇)၊ မဟာဘောဂလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်မှာ မနက် (၆) နာရီကနေ နေ့လယ် (၃) နာရီ အထိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဆိုင်ကိုတော့ ပြန်လည်ဖွင့်လှစ်တာ (၃) လ‌လောက်ပဲ ရှိသေးတာဖြစ်လို့ ရွှေရည်ဆိုင်က မြန်မာ့မုန့်တွေလွမ်းနေသူတွေအတွက် သတင်းကောင်းလေးတစ်ခုအဖြစ် မျှဝေလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က