နိုင်ငံတွင်း ကိုဗစ်ကူးစက်မှု တတိယလှိုင်းအပြီးသတ်အချိန်မျိုးမှာ ပြည်သူတွေအနေနဲ့ ကိုဗစ် စတုတ္တလှိုင်း စတင်ဖြစ်ပွါးလာမှာကို စိုးရိမ်နေကြပါတယ်။ လက်ရှိမြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်း ကူးစက်မှုက လုံးဝပျောက်ကင်းသွားတာမျိုးမဟုတ်ဘဲ နေ့စဉ် လူနာအနည်းငယ်တော့ တွေ့ရှိနေဆဲပါ။
Photo - နေပြည်တော်တွင် ကိုဗစ်ကာကွယ်ဆေး ပထမဆုံး စတင်ထိုးနှံပေးနေစဉ်
ကိုဗစ် တတိယလှိုင်းမှာ နိုင်ငံတွင်းကူးစက်မှုနှုန်း အမြင့်ဆုံးရောက်ခဲ့ပြီးတဲ့နောက် အခုဆိုရင် တချို့နိုင်ငံတွေမှာ စတုတ္တလှိုင်းစတင်နေပြီဖြစ်ရာ မြန်မာနိုင်ငံမှာကော ကိုဗစ် စတုတ္တလှိုင်းကူးစက်မှု ဘယ်တော့လောက် စတင်နိုင်လဲဆိုတဲ့ မေးခွန်းအပေါ် အထွေထွေရောဂါအထူးကု သမားတော် ဒေါက်တာ မိုးအောင်ကျော်နိုင်က အခုလို သုံးသပ်ပြောကြားထားပါတယ်။
“ စတုတ္တလှိုင်းနဲ့ ပတ်သက်ပြီးပြောမယ်ဆိုရင် လက်ရှိ တခြားနိုင်ငံတွေကိုကြည့်မယ်ဆိုရင် အင်္ဂလန်နိုင်ငံ၊ တရုတ်နဲ့ စင်္ကာပူမှာလည်း ဖြစ်တယ်ပေါ့နော်။ နိုင်ငံတွင်း စတုတ္တလှိုင်းကူးစက်မှုဖြစ်နိုင်ခြေဆိုရင်တော့ ဖြစ်တော့ဖြစ်လာနိုင်တယ်။ ဖြစ်လာနိုင်တယ်ဆိုပေမယ့် ဇူလှိုင်လက စပြီး နောက် (၆)လအတွင်းကတော့ ဖြစ်နိုင်ခြေနည်းတယ်" လို့ ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုပါတယ်။
တတိယလှိုင်းမှာ ကိုဗစ်ကူးစက်ခံရမှုများခဲ့ခြင်းနဲ့ လက်ရှိမှာ ပြည်သူအများအပြား ကာကွယ်ဆေးထိုးထားပြီးဖြစ်ခြင်းတို့ကလည်း စတုတ္ထလှိုင်းဖြစ်နိုင်ခြေနည်းပါးစေတဲ့ အချက်တွေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။
Photo - နေပြည်တော်တွင် ကိုဗစ်ကာကွယ်ဆေး ပထမဆုံး စတင်ထိုးနှံပေးနေစဉ်
"ဘာလို့လဲဆို လက်ရှိနိုင်ငံမှာက တတိယလှိုင်းအထိ ကိုဗစ်ကူးစက်ခံလူနာအများကြီးဖြစ်ခဲ့ပြီးတဲ့အတွက် အဲဒီလူနာတွေကလည်း ဒီချိန်မှာ Anti body ထွက်နေလောက်ပြီ။ နောက်ပြီး ပြည်သူတွေကို လက်ရှိကာကွယ်ဆေးထိုးပေးနေတဲ့ အနေအထားမှာလည်း အများစုက ထိုးပြီးသားဖြစ်နေပြီ။ လက်ရှိမှာ ကူးစက်မှုနှုန်းကလည်း အနည်းကျဉ်းသာရှိတော့တာဆိုတော့ တတိယလှိုင်းအနေအထားပဲရှိသေးတယ်။ တခြားကနေ မျိုးကွဲပိုးအမျိုးအစားဝင်ရောက်လာတာနဲ့ နိုင်ငံတွင်းကူးစက်တဲ့ပိုရအမျိုးအစားထဲကပဲ မျိုးကွဲထပ်ထွက်လာတယ်ဆိုရင်တော့ စတုတ္တလှိုင်းဖြစ်နိုင်တယ်။ နိုင်ငံတကာမှာလည်း မျိုးကွဲအသစ်တွေကနေ ထပ်ပြီးကူးစက်တာဆိုတော့ စတုတ္တလှိုင်းဖြစ်တာဆိုရင် အရင်ကူးစက်မှုနှုန်းနည်းတဲ့ ကာကွယ်ဆေးထိုးထားတဲ့သူနည်းတဲ့ ဒေသတွေမှာအဖြစ်များတယ်။
နိုင်ငံအတွင်းကတော့ လက်ရှိမှာ ကူးစက်ခံရမှုလည်းများထားတယ်၊ ဆေးလည်း အများစုထိုးထားတော့ (၆)လအတွင်း စတုတ္တလှိုင်းမဖြစ်နိုင်သေးဘူး”လို့ ဒေါက်တာမိုးအောင်ကျော်နိုင်က သုံးသပ်ပါတယ်။
တချို့နိုင်ငံတွေမှာ စတင်နေပြီဖြစ်တဲ့ ကိုဗစ်စတုတ္တလှိုင်းဟာ မျိုးကွဲဗီဇတွေကနေ ကူးစက်တာဖြစ်ပြီး နိုင်ငံအတွင်းမှာလည်း မျိုးကွဲဗီဇတွေကနေ တစ်ဆင့် စတုတ္တလှိုင်းဖြစ်နိုင်ချေရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို ယခင်တိုင်း လိုက်နာကျင့်သုံးဆောင်ရွက်သင့်တယ်လို့ ဒေါက်တာမိုးအောင်ကျော်နိုင်မှ အကြံပြုပြောကြားထားပါတယ်။