ပန်းစက္ကူဂီတာ အရုပ်လေးတွေကို ပုံစံ(၂၅) မျိုး ပြုလုပ်လို့ရတဲ့အထိ တီထွင်ခဲ့သူကတော့ ဦးတင်ထွန်းပဲ ဖြစ်ပါတယ်။တရုတ်ပြည်ကလာတဲ့ ပုံစံ (၅) မျိုး ပြုလုပ် လို့ရတဲ့အရုပ်လေးတွေကို နမူနာ ထား ပြန်လည်မွမ်းမံကာ တစ်ဖန်ပြန်လည်ဆန်းသစ်ဖို့ စိတ်ကူးနဲ့ကြံဆကာ တီထွင်ဖြစ်ခဲ့တာလို့သိရပါတယ်။
ပန်းစက္ကူဂီတာအရုပ်စတင်တီထွင်ခဲ့တဲ့သူ
ဦးတင်ထွန်း ကတော့ ပန်းစက္ကူဂီတာအရုပ်ကို ပုံစံ(၂၅) မျိုး ရတဲ့အထိ တီထွင်ခဲ့သူတစ်ဦး ဖြစ်သလို သူတတ်ကျွမ်းတဲ့ လက်မှုအနုပညာ နဲ့ပဲ ပန်းစက္ကူဂီတာအရုပ် လေးတွေကို ကိုယ်တိုင်ကိုယ်ကျ တစ်နိုင်တစ်ပိုင် ဖန်တီး ထုတ်လုပ်ခဲ့တာဖြစ်ပြီး မြန်မာပြည် စျေးကွက်ထဲမှာ ပထမဦးဆုံး စတင်ရောင်းချလာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ် ။
အသက်၀မ်းကျောင်း အလုပ် ဖြစ်ခဲ့
ဇလွန် ဇာတိ ဖြစ်တဲ့ ဦးတင်ထွန်းက ပန်းဂီတာ တစ်ခု (၅) ကျပ်စျေးနှုန်း နဲ့ ဇလွန် ဘုရားပွဲ မှာပဲ ပထမဆုံးစပြီး ရောင်းချခဲ့တာပါ။အစ ပထမ တစ်ရက်မှာတော့ သာမာန် အ၀တ်အစားနဲ့ ရောင်းခဲ့ပြီး လူစိတ်၀င်စားမှုသိပ်မရခဲ့တဲ့အပြင် ပထမဆုံး စျေးရောင်းခဲ့တဲ့အချိန်ဖြစ်လို့ ရှက်စိတ်လည်း ၀င်ခဲ့မိတယ်လို့ ပြောပါတယ်။ နောက်တစ်ရက်မှာတော့ လူရွှင်တော် ၀တ်စုံကို ၀တ်ပြီး ကဗျာစာသားလေးတွေနဲ့ တွဲဖက်ပြီး ပုံစံ (၂၅)မျိုး အရုပ် လုပ်ပြဖျော်ဖြေ ရင်း ရောင်းချ မှ လူအများစုစိတ်၀င်စားလာလို့ အုံ ခဲနေအောင်ကို ရောင်းခဲ့ရတယ်လို့သိရပါတယ်။ ဒီအရုပ်လေးနဲ့ တစ်ဘ၀လုံး အသက်၀မ်းကျောင်း ပြုလာခဲ့တာဖြစ်ပြီး ဆွေမျိုးတွေကိုပါ ဘုရားဖူးကအစ ပို့ပေးနိုင်ခဲ့ တာကို“ဒီအရုပ်လေးတွေ ကျေးဇူးနဲ့ ကျွေးမွေး လှူဒါန်းနိုင်ပြီး ဘုရားစုံလည်း ဖူးရတယ်။”လို့ ခုလို ပီတိစကား ဆိုပါတယ်။
ပညာအမွေလက်ဆင့်ကမ်းခဲ့ချင်သူ
ဒီပညာကို လက်ဆင့်ကမ်း သင်ကြားပေးဖို့ကိုလည်း စိတ်အားထက်သန်နေသူဖြစ်လို့ (၂၅)မျိူးပန်းဂီတာ အရုပ်လေးနဲ့ပက်သက်ပြီး သင်ယူချင်သူ လူငယ် တွေနဲ့ လက်မှုပညာ ဖန်တီးရတာ ၀ါသနာပါသူ လေ့လာချင်သူတွေ အတွက်လည်း ဆရာစားပါ မချန်ဘဲ ပညာအမွေကို လက်ဆင့်ကမ်းကာ သင်ကြားပေးချင်တဲ့ အကြောင်း ဦးတင်ထွန်းက "သားတွေ သမီးတွေ မြေးတွေ သိသိ မသိသိ လာခဲ့ပါ ။အကုန် လက်ခံတယ်။ ခေါ် ချင်တယ် ။အလုပ်တွေ ပေးချင်တယ်။ လာခဲ့ပါလို့ဖိတ်ခေါ် ပါတယ်။ ကျောင်းပိတ်ရက်ဖြစ်ဖြစ် လာခဲ့ ။ပရဟိတစိတ်နဲ့ ပညာကို အလကား သင်ပေးပါ့ မယ်။ ”ဆိုပြီးခုလိုပဲ ဖိတ်ခေါ် ထားပါတယ်။
(၅) ကျပ်ခေတ် ကတည်းက စခဲ့
ဘုရားပွဲဈေးတွေ ကျောင်းတွေမှာဆို လူတွေ အုံခဲနေလောက်အောင်အထိကို ရောင်းအား ကောင်း ခဲ့တဲ့တာကတော့ လူရွှင်တော် ၀တ်စုံနဲ့ သူရဲ့ ကိုယ်တိုင်စပ်ဆိုထားတဲ့ကဗျာစာသားလေးတွေကြောင့် တွဲဖက်ပြီး အရုပ်ပုံစံ(၂၅)မျိုး လုပ်ပြဖျော်ဖြေ ရောင်းချတာကြောင့် လူအများစုက စိတ်၀င်စားကြပြီးကြည့်ရှု ကာနှစ်သက် အားပေး ခဲ့ကြသူတွေများတာပဲဖြစ်ပါတယ်။ပန်းဂီတာ တစ်ခု (၅) ကျပ်စျေးနှုန်း နဲ့ ပထမဆုံးစပြီး (၅) ကျပ်ခေတ် ကတည်းက စတင်ရောင်းချလာခဲ့တဲ့ ပန်းစက္ကူဂီတာအရုပ် လေးတွေကို လက်ရှိမှာဆိုရင်တော့ တစ်ခု(၅၀၀)နဲ့ကျပ်နဲ့ ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။
လိပ်စာကတော့
(၂၅) မျိုး ပန်းစက္ကူဂီတာအရုပ်လေးတွေကို စိတ်၀င်စားလို့ ဆက်သွယ်မှာယူ အားပေး ချင်သူတွေ အတွက် ဦးတင်ထွန်းရဲ့ လိပ်စာက ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်အနီး၊ ကျောင်းစုကျေးရွာ၊ ထန်းတပင်မြို့နယ် မှာဖြစ်ပါတယ်။