မြန်မာနိုင်ငံရဲ့ အလှဆုံးကျွန်းတွေစုစည်းရာဖြစ်ပြီး ခရီးသွားတွေရဲ့အာရုံကိုဖမ်းစားထားတဲ့ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးအပိုင်းက ကော့သောင်းမြို့မှာရှိတဲ့ လှပတဲ့ကျွန်းလေးတွေအကြောင်းမိတ်ဆက်ပေးပါရစေ။ ကော့သောင်းမြို့ဟာဆိုရင်တော့ နင်္သာရီတိုင်းဒေသကြီးထဲတွင်ပါဝင်ပြီး ရှည်လျားတဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကျွန်းပေါင်း 135ကျွန်းရှိပါတယ်။ ကျွန်းတွေဟာဆိုရင်လည်း သဘာဝအလှတွေ ၊သက်ရှိရှားပါးမျိုးစိတ်တွေ၊ ပင်လယ်ရေအောက်သန္တာကျောက်တန်း စတဲ့ စိတ်ဝင်စားဖွယ် သဘာဝအလှများနဲ့ ပြည့်နှက်နေတာပါ။ တောင်ကုန်းတောင်တန်းနဲ့မြစ်ချောင်းတွေ ပေါများပြီး မြေပြန့်ကတော့ အနောက်ဘက်ကမ်းခြေတဝိုက်နဲ့အရှေ့ဘက်ပါချန်မြစ်အလယ်ကမ်းခြေတစ်ဝိုက်မှာပဲ ရှိပါတယ်။ ကျွန်းပေါင်းများစွာထဲကမှ ခရီးသွားလည်ပတ်လို့ကောင်းတဲ့ကျွန်းအချို့ ကို Duwun ပရိတ်သတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။
ညောင်ဦးဖီးကျွန်း
တောင်ဘက်မြိတ်ကျွန်းစုတွေထဲမှာမှ အလှဆုံးကျွန်းအဖြစ်လူသိများကြပြီး ခရီးသွားအပန်းဖြေလာရောက်သူလည်း များပြားတဲ့ ကျွန်းတစ်ခုဖြစ်ပါတယ်။ ကော့သောင်းမြို့ကနေ ရေမိုင်အားဖြင့် ၄၁မိုင်မှာ ရှိပြီး Speed boat နဲ့ ၁နာရီဝန်းကျင်လောက်စီးပြီး လည်ပတ်နိုင်တဲ့ ကျွန်းတစ်ခုလည်း ဖြစ်ပါတယ်။ ရေပေါ်ရေအောက်ရှုခင်းတွေအပြင် အဖိုးတန်သန္တာကျောက်တန်းအလှအပတွေကိုလည်း Snorkelling တွေ Scuba-Diving စတဲ့ Activityတွေလုပ်ရင်း ကျွန်းရဲ့အလှကိုခံစားကြည့်ရှူနိုင်မှာဖြစ်ပါတယ်။
အသည်းပုံကျွန်း (ခေါ်) ကြက်မောက်ကျွန်း
အဖိုးတန်သဘာ၀ငှက်သိုက်ထွက်ရှိရာ ကျွန်းတစ်ခုဖြစ်ပြီး ကော့သောင်းမြို့အနောက်တောင်ဘက်ရေမိုင် (၂၈)မိုင် အကွာမှာ တည်ရှိပါတယ်။ကျွန်းပတ်ပတ်လည်မှာ မြေသားလုံးဝမရှိဘဲ ကျွန်းပတ်ပတ်လည်မှာ သက်နုမီးသက်ကျောက်သားတွေနဲ့ဖွဲ့စည်းထားပြီး မတ်စောက်တဲ့ကျောက်တောင်သဖွယ်ဖြစ်နေတာကြောင့် ကျွန်းထဲဝင်မယ်ဆိုရင် ရေကျချိန်ကိုစောင့်ပြီး ကျွန်းအရှေ့တောင်ဘက် ပြွန်ပုံသဏ္ဌာန်လိုဏ်ဂူအပေါက်ကနေ ကြိုးတန်းကိုကိုင်ပြီး ဝင်ရတာပါ။ နွေရာသီဆိုရင်တော့ snorkeling mask နဲ့ ရေအောက် ၆မီတာအထိထွင်းဖောက်မြင်ရလောက်ထိအောင် ရေက စိမ်းမြကြည်လင်နေပါတယ်။ သဘာဝအလျောက် အသဲပုံသဏ္ဌာန် လှပနေတဲ့ ရေငန်အိုင်ကြောင့် လူသိများလှပသောကျွန်းတစ်ခုဖြစ်ပါတယ်။
၁၁၅ကျွန်း(115 Island)
ကောင့်သောင်းမြို့ရဲ့ ၃၈မိုင်အကွာမှာ တည်ရှိပြီး Speed boat နဲ့ ၂နာရီဝန်းကျင်လောက် သွားရတဲ့ကျွန်းဖြစ်ပါတယ်။ ဖြူဖွေးနေတဲ့ သဲသောင်ပြင်နဲ့ ရှည်လျားပြီးကျယ်ဝန်းတာကြောင့် လာရောက်လည်ပတ်သူများပြားကြပါတယ်။ Water Sport Activities မျိူးစုံဖြစ်တဲ့ ရေငုတ်တာ ၊ ရွက်လှေစီတာ ၊ လှေလှော်တာ တို့အပြင် Trekking ပြုလုပ်ဖို့ အတွက် စိမ်းစိုတဲ့ သစ်တောတွေ ရှိပြီး ရှားပါးငှက်မျိုးစိတ်တွေ ကိုလည်း လေ့လာနိုင်ပါတယ် ။မြန်မာပြည်ရဲ့ မော်ဒိုက်ကျွန်းလို့လည်း လူသိများပါတယ်။
ကျွန်းဖီလာ
ဆလုံတိုင်းရင်းသားတွေ နေထိုင်တဲ့ ဂျအုံးကျေးရွာတည်ရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပြီး ပီလာကျွန်းလို့ လည်းခေါ်ကြပါတယ်။ ကမ်းခြေမှာ 12မီတာအထိရှည်ပြီးအရှည်ဆုံးကမ်းခြေတစ်ခုဖြစ်တဲ့ အပြင်ကျွန်းအနောက်ဘက်ခြမ်းက ငြိမ်သက်ပြီး အလွန်သာယာလှပါတယ်။ လာရောက်လည်ပတ်သူတွေကလည်း မီးပုံပွဲတွေ ပြုလုပ်လေ့ရှိပြီးရံဖန်ရံခါမျောက်တွေကိုလည်း တွေ့ရတတ်ပါတယ်။အရောင်အသွေးစုံလင်လှတဲ့ သန္တာကျောက်တန်းတွေရှိပြီး ကျွန်းမှာ ရွက်လှေစီးတာ ၊ လှေလှော်တာတွေ ပြုလုပ်နိုင်ပါတယ်။ သာယာလှပတဲ့ ကျွန်းငယ်များစွာရှိပြီး ရေအောက်လေ့လာဖို့ နေရာကောင်းတစ်ခုလည်းဖြစ်ပါတယ်။
လန်ပိကျွန်း
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားတဲ့ ကန့်သတ်နယ်မြေတစ်ခုဖြစ်ပါတယ်။ အလည်အပတ်မဟုတ်ဘဲ စူးစမ်းရှာဖွေလေ့လာချင်သူတွေအတွက် သွားသင့်တဲ့ကျွန်းတစ်ခုလည်း ဖြစ်ပါတယ်။ပင်လယ်မြက်၊အမြဲစိမ်းတော၊ဒီရေတောစတဲ့ သဘာဝပေါက်ပင်တွေအပြင် ဇီဝမျိုးကွဲ၊ကုန်းနေရေနေသတ္တဝါတွေ၊ ငှက်မျိုးစိတ်တွေနဲ့ ဆလုံလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေပါလေ့လာနိုင်တဲ့ ကျွန်းတစ်ခုပါ။ ၂၀၀၃ခုနှစ်မှာတုန်းက လန်ပိကျွန်းဟာဆိုရင် အာဆီယံအမွေအနှစ်ပန်းခြံအဖြစ်ကြေငြာခြင်းခံထားရတဲ့ ကျွန်းတစ်စုလည်းဖြစ်ပါတယ်။
စေတန်ကျွန်း
ဆေးတံသဖွယ်သဘာဝအလျောက်ဖြစ်နေတဲ့များပြားလှတဲ့ သန္တာကျောက်တန်းတွေကြောင့်ဆေးတန်ကျွန်းလို့ ခေါ်ရာကနေ စေတန်ကျွန်းလို့ အမည်တွင်ခဲ့တာပါ။ စေတန်ကျွန်းဟာ ကော့သောင်းမြို့နဲ့ ၃၄မိုင်အကွာမှာ တည်ရှိပြီး Speed boat နဲ့ဆို နှစ်နာရီနီးပါးလောက်သွားရောက်ရပါတယ်။ ဖြူဖွေးနူးညံ့တဲ့ သဲသောင်ပြင်ကမ်းခြေ ၃ခုရှိပြီး ကျွန်းအနောက်ဘက်မှာတော့ ရေငုတ်လည်ပတ်နိုင်တဲ့ နေရာအနည်းငယ်နဲ့ ခရီး တစ်ထောက်နားခိုရာ နေကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။