အိန္ဒိယအစိုးရက ကိုဗစ်စစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းထားပါတယ်

မြန်မာနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ကူးစက်မှုနှစ်ခု တွေ့ရှိရကြောင်းနဲ့ နှစ်ခုလုံးဟာ Karnataka ပြည်နယ်မှဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ယနေ့ (ဒီဇင်ဘာ ၂ ရက်) ပြောပါတယ်။

အိန္ဒိယအစိုးရက COVID-19 စစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ "အိုမီခရွန်ကူးစက်ခံရသူ နှစ်ဦးလုံးရဲ့ အဓိက ထိတွေ့မှုနဲ့ တစ်ဆင့်ခံ ထိတွေ့မှု အားလုံးကို ခြေရာခံ သိရှိထားပြီး စစ်ဆေးမှုလုပ်ထားပါတယ်" လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Lav Agarwal က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။



(Photo: EPA-EFE)

အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ခံထားရတဲ့ လူနာနှစ်ဦးလုံးဟာ ရောဂါလက္ခဏာမပြင်းထန်ကြဘူးလို့လည်း ၎င်းကဆိုပါတယ်။ အိန္ဒိယအစိုးရက ကာကွယ်မှုမြှင့်တင်ရန် booster shot အစီအစဥ် မတိုင်မီ အရွယ်ရောက်ပြီး လူဦးရေ ၉၄၄ သန်းကို COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်ရန် ဦးစားပေးဆောင်ရွက်နေကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

လက်ရှိမှာ အိန္ဒိယနိုင်ငံရှိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူဦးရေရဲ့ ၈၄ ရာခိုင်နှုန်းက ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးဖြစ်ကာ ၄၉ ရာခိုင်နှုန်းခန့်က ဒုတိယအကြိမ်ထိုးပြီးဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယအစိုးရက နိုင်ငံတကာလေကြောင်းခရီးစဥ်တွေကို လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပြန်လည်စတင်ရန် စီစဥ်ထားခဲ့ပေမဲ့ အိုမီခရွန်ဗိုင်းရပ်စ်သစ်ကို စိုးရိမ်မှုကြောင့် ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်) မှာ အစီအစဥ် ဖျက်သိမ်းခဲ့ပါတယ်။ နိုင်ငံတကာလေကြောင်းခရီးစဥ်တွေ ပြန်လည်စတင်မယ့်ရက်ကို အချိန်နဲ့တပြေးညီ ကြေညာသွားမယ်လို့ ဆိုပါတယ်။

(Photo: Reuters)

အိန္ဒိယမှာ ယခုနှစ် ဧပြီလနဲ့ မေလအတွင်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ စံချိန်တင် မြင့်တက်ခဲ့မှုကို ကြုံတွေ့ခဲ့ရပြီးနောက် ကူးစက်မှုများ တဖြည်းဖြည်း လျော့ကျလာခဲ့ပါတယ်။ ယနေ့ ထုတ်ပြန်ချက်အရ အိန္ဒိယမှာ ကူးစက်ခံရသူ ၉,၇၆၅ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူဦးရေ ၃၄.၆၁ သန်းရှိပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ အမေရိကန်နိုင်ငံကသာ အိန္ဒိယထက် ကူးစက်မှုပိုများကြောင်း သိရပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ပထမဆုံး တွေ့ရှိလာရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန် (Omicron) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက (World Health Organization - WHO) က 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ထားပါတယ်။ အိုမီခရွန်ဟာ နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့ဖွယ်ရှိပြီး ကူးစက်မှုများ မြင့်တက်လာနိုင်တဲ့အန္တရာယ် အလွန်မြင့်မားကြောင်း WHO က ပြောထားပါတယ်။

(Photo: Reuters)

အိုမီခရွန်နဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုတွေ ယခုအချိန်အထိ မရှိသေးပေမဲ့ ကာကွယ်ဆေးတွေနဲ့ ယခင် COVID-19 ဖြစ်ခဲ့ဖူးသူတွေမှာ က ကာကွယ်နိုင်မှုကို သိရှိနိုင်ရန် နောက်ထပ် လေ့လာမှုတွေ လိုအပ်နေသေးကြောင်း WHO က ဆိုပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုတွေ့ရတဲ့ နိုင်ငံနဲ့နယ်မြေ အရေအတွက်ဟာ ဒီဇင်ဘာ ၂ ရက်နေ့အထိ ၂၆ ခုရှိလာပြီ ဖြစ်ပါတယ်။

တောင်အာဖရိက၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘော့ဆွာနာ၊ ဘရာဇီး၊ ချက်ရီပတ်ဘလစ်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ အိန္ဒိယ၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ တောင်ကိုရီးယား၊ နော်ဝေ၊ ပေါ်တူဂီ၊ ဆော်ဒီအာရေဗျ၊ ဗြိတန်၊ အမေရိကန်၊ စပိန်နဲ့ ဆွီဒင်တို့မှာ အိုမီခရွန်ကူးစက်မှုများ တွေ့ရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က