အိုမီခရွန်ဗိုင်းရပ်(စ်)ပိုးသစ်ဟာ လက်ရှိနိုင်ငံပေါင်း (၄၀)ကျော်မှာ ကူးစက်ပြန့်နှံ့လျှက်ရှိပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံပေါင်း (၄၀)ကျော်မှာ ကူးစက်ပြန့်နှံ့လျှက်ရှိတဲ့ ကိုဗစ်ဗိုင်းရပ်(စ်)ပိုးသစ် အိုမီခရွန်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေတော့ရှိနေကြပါတယ်။

အိုမီခရွန်ဗိုင်းရပ်(စ်)ပိုး တွေ့ရှိထားတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း ပါဝင်နေတာကြောင့် နိုင်ငံတွင်းကူးစက်မှုမရှိလာနိုင်ဘူးလို့ ပြောလို့မရတဲ့ အနေအထားမှာ အိုမီခရွန်ဗိုင်းရပ်(စ်)ပိုးနဲ့ ပတ်သက်ပြီး ကြိုတင်သိရှိ ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က Duwun ကတစ်ဆင့် အကြံပြုလိုက်ပါတယ်။



"ဆောင်းရာသီနဲ့ အိုမီခရွန်ဗိုင်းရပ်(စ်) အန္တရာယ်"

ကိုဗစ်မျိုးကွဲဗီဇတွေဟာ အေးတဲ့နေရာဒေသတွေမှာ ကူးစက်မှုအများဆုံးဖြစ်ကြောင်းကိုလည်း ကျန်းမာရေးသုတေသနအဖွဲ့တွေက လေ့လာတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ အိုမီခရွန်ပိုးတွေ့ရှိခြင်း မရှိသေးပေမယ့်လည်း ဆောင်းရာသီကာလဖြစ်တဲ့အတွက် စတင်ပိုးတွေ့ရှိခဲ့ပါက ကူးစက်မှု မြင့်မားနိုင်တယ်လို့ ဆိုပါတယ်။

“ လက်ရှိက ကိုယ့်နိုင်ငံအတွင်း အနီးပတ်ဝန်းကျင်မှာမတွေ့ရှိသေးလို့သာ။ တကယ်လို့သာပိုးစတင်တွေ့ရှိခဲ့မယ်ဆိုရင် အခုအေးတဲ့ရာသီဥတုအနေအထားနဲ့ဆိုရင်တော့ ကူးစက်မှုနှုန်းများနိုင်တဲ့သဘောမှာရှိတယ်”လို့ အထွေထွေအထူးကုသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်ကပြောပါတယ်။

"ကူးစက်မှုနှုန်းနဲ့ ရောဂါပြင်းထန်မှု"

အိုမီခရွန် ဗိုင်းရပ်(စ်)ပိုးဟာ ဒယ်လ်တာ ဗိုင်းရပ်(စ်)ပိုးထက် ရောဂါဝေဒနာပြင်းထန်မှုလျော့နည်းပြီး ကူးစက်မှု မြန်ဆန်တဲ့ဗီဇပြောင်းပိုးဖြစ်ပါတယ်။

နှစ်ပတ်အတွင်းမှာပဲ နိုင်ငံပေါင်း (၄၀)ကျော်ကိုကူးစက်ပြန့်နှံ့ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အိုမီခရွန်ကြောင့် သေဆုံးသူတော့မရှိသေးပါဘူး။ 

"အိုမီခရွန်ဗိုင်းရပ်(စ်)အပေါ် ကာကွယ်ဆေးထိရောက်မှု"

အိုမီခရွန်ဗိုင်းရပ်(စ်)ပိုးဟာ ကာကွယ်ဆေး (၂)ကြိမ်ထိုးပြီးသားသူတွေမှာလည်း ကူးစက်ခံနေရပါတယ်။ သို့ပေမယ့် ရောဂါဖြစ်ပွါးမှုကတော့ မပြင်းထန်ပါဘူး။ (၂)ကြိမ်ထိုးပြီးသား သူတွေမှာတောင် ကူးစက်ခံရမှုရှိနေတာကြောင့် ကျန်းမာရေးသုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ကာကွယ်ဆေး (၂)ကြိမ်ထိုးပြီးသားသူတွေအနေနဲ့လည်း (၆)လပြည့်တဲ့အခါမှာ တတိယအကြိမ်ထပ်ထိုးဖို့ကို တိုက်တွန်းနှိုးဆော်ထားပါတယ်။ တတိယအကြိမ်ထိကာကွယ်ဆေးထိုးထားမှသာ မျိုးကွဲဗီဇတွေရဲ့ ကူးစက်မှုဒဏ်ကို ကာကွယ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ကလည်း လက်လှမ်းမှီတဲ့သူတွေအနေနဲ့ကတော့ ကာကွယ်ဆေးကို တတိယအကြိမ်ထိုးနှံဖို့ကိုလည်း ဒေါက်တာမိုးအောင်ကျော်နိုင်ကအကြံပြုပြောကြားထားပါတယ်။ 

"အိုမီခရွန်ဗိုင်းရပ်ပိုးသစ်မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ"

အိုမီခရွန်ဗိုင်းရပ်ပိုးသစ်ဟာ ယခင်မျိုးကွဲဗီဇတွေလိုပဲ လက္ခဏာတွေဆင်တူပြီး ကာကွယ်နည်းနဲ့ ပိုးစစ်ဆေးမှုတွေကလည်း အတူတူပါပဲ။ 

ပုံမှန်တုပ်ကွေးလက္ခဏာတွေလိုပဲ ညနေဘက်မှာချွေးထွက်ဖျားပြီး ချောင်းခြောက်ဆိုးခြင်းစတဲ့ လက္ခဏာတွေတွေ့ရှိရပါတယ်။ လက်ရှိအချိန်ထိနိုင်ငံတွင်းကူးစက်မှုမရှိသေးပေမယ့် ကိုဗစ်ကာကွယ်ရေးနည်ရလမ်းတွေကိုတော့ ယခင်ကထက်ပိုပြီး ဂရုစိုက်လိုက်နာသင့်ပါတယ်။

Photo - DW


ဆက်စပ်အကြောင်းအရာများ

Share

က္က