၆.၅ လက်မ Screen ၊ အကြီးစားဘက်ထရီ နဲ့ သုံးလုံးတွဲကင်မရာသုံးထားတဲ့ တန်ဖိုးနည်း Motorola ထုတ် Android Go ဖုန်း ထွက်လာပြီ ဖြစ်ပါတယ်။
Android Go ဗားရှင်းတွေကို ပြီးခဲ့တဲ့ ၃ နှစ်လောက်ကတည်းက စမတ်ဖုန်းလောကမှာ မြင်တွေ့လာတာ ဖြစ်ပါတယ်။ Android Go မော်ဒယ်တွေဟာ Low-End Spec နဲ့လာလေ့ရှိပြီး hardware ပိုင်း နိမ့်ပေမယ့် performance ကောင်းအောင် ဒီဇိုင်းထုတ်ထားတာပါ။ ဒေတာအစားသက်ပြီး ပေါ့ပေါ့ပါးပါး သုံးနိုင်အောင်လို့Google Stock Apps တွေ ဖြစ်တဲ့ YouTube ၊ Maps စတဲ့ apps တွေပါ Go Edition နဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။
Photo: Gizmochina
အခုခေတ်အနေအထားနဲ့ဆို RAM/storage အတော်ကြီးနည်းတယ်လို့ ပြောနိုင်ပေမယ့် Android Go ဗားရှင်းတွေထဲမှာ Motorola က အသစ်ထုတ်လိုက်တဲ့ Moto E30 က အတော်လေး သာလွန်တာတွေ ရှိနေပါတယ်။ Moto E30 ဟာ Moto E40 နဲ့ Hardware ပိုင်းမှာ အတော်များများ တူပါတယ်။ Android Go Edition ဖုန်းဖြစ်တဲ့အတိုင်း RAM/Storage ကတော့ 2GB/32GB ပဲ ပါရှိပါတယ်။ storage အနေနဲ့ microSD card ကနေ ထပ်ပြီး storage မြှင့်နိုင်မယ်လို့ ဆိုပါတယ်။
Moto E40 လိုပဲ တရုတ်ထုတ် Unisoc T700 Chipset သုံးထားပြီး Mali-G52 GPU ပါရှိပါတယ်။ မျက်နှာပြင် ၆.၅ လက်မ IPS LCD display ဟာ 720p+ ပါရှိပြီး 90Hz Refresh Rate ပါတာကတော့ Android Go ဖုန်းတစ်လုံးအတွက် ကျေနပ်စရာဆိုတာထက် ပိုပါတယ်။ ရှေ့ဘက် Screen ဟာ punch-hole ဒီဇိုင်း သုံးထားပြီး punch-hole ထဲမှာ 8MP Selfie sensor ပါရှိပါတယ်။ ကျောဘက်မှာ 48MP main sensor ၊ 2MP Macro နဲ့ 2MP depth camera တွေ သုံးထားတာ ဖြစ်လို့ ကင်မရာပိုင်းမှာ Mid-range တန်းလောက် ထည့်ပြောရဖို့ ရှိပါတယ်။
ဒီဖုန်းမှာ အကြီးစား 5000mAh ဘက်ထရီနဲ့လာပြီး နာရီပေါင်း ၄၀ ကျော်အထိ အားခံမယ်လို့ ဆိုပါတယ်။ အားသွင်းတာကတော့ 10W charging Support နဲ့လာပါတယ်။ ကျောဘက်မှာ လက်ဗွေဖတ်စနစ် ပါတာ ၊ 3.5mm headphone jack ပေါက်နဲ့ ရေစိုဒဏ် IP52 rating ပါတာတွေကလည်း ဒီဖုန်းရဲ့ အားသာချက်ပါပဲ။ ပလတ်စတစ်ဘော်ဒီနဲ့လာတဲ့ ဒီဖုန်းကို ဥရောပဈေးကွက်မှာ ယူရို ၁၀၀ (မြန်မာငွေ ၂ သိန်းကျော်) ဈေးနဲ့ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။