ဒေါ်လာ ၁၂၀၀ ဈေးကနေ စတင်ရောင်းချသွားမယ့် Galaxy S22 Ultra ထက်ကို ဈေးကြီးတဲ့ OPPO Find X စီးရီး ဖုန်းသစ် ထွက်လာပြီ ဖြစ်ပါတယ်။
OPPO Find X5 စီးရီးကနေ ရိုးရိုးနဲ့ Pro မော်ဒယ်ဆိုပြီး ထွက်လာရာမှာ Pro မော်ဒယ်ဟာ တကယ့် Flagship ဈေးနဲ့ ပွဲထုတ်လာတာလည်း ဖြစ်ပါတယ်။ Find X5 စီးရီးဖုန်းသစ်နှစ်မျိုးလုံးဟာ OPPO ရဲ့ ပထမဆုံး ကိုယ်ပိုင် Imaging Chip နဲ့လာပြီး ဆွီဒင်ကင်မရာကုမ္ပဏီ Hasselblad နဲ့ ပူးပေါင်းထားတဲ့ ကင်မရာစနစ် ပါလာပါတယ်။ Flagship ဖုန်းဖြစ်တဲ့အတိုင်း High-End Processor သစ် ၊ အမြန်အားသွင်းနိုင်တဲ့ နည်းပညာ ၊ အပြောင်းအလဲလုပ်လာတဲ့ ဒီဇိုင်းနဲ့ အမြင့်စား ကင်မရာစွမ်းဆောင်ရည်စနစ်တွေလည်း သုံးလာပါတယ်။
Photo: GSMArena
မျက်နှာပြင်ဆိုဒ် ၆.၇ လက်မ ဘယ်အပေါ်ထောင့် punch-Hole ကင်မရာစနစ် သုံးထားတဲ့ ဒီဖုန်းဟာ 1440p 120Hz OLED Display နဲ့ လာပြီး IP68 Rating ရေစိုဖုန်တင်ခံမှု ပါရှိပါတယ်။ Display ဟာ အမြင့်ဆုံးတောက်ပမှု 1300nits အထိ ပါရှိပြီး 8192 Brightness Level အထိ ပါလာလို့ ပတ်ဝန်းကျင် အနေအထားမရွေး အကောင်းဆုံး တောက်ပမှုကို ထောက်ပံ့ပေးနိုင်မှာပါ။ မှန်ရှေ့ခြမ်းကို Gorilla Glass Victus မှန်အုပ်ထားပြီး ကျောဘက်ကို မှန်ထက် နှစ်ဆပိုမာကျောတဲ့ Ceramic ကြွေဘော်ဒီသုံးထားတယ်လို့ ဆိုပါတယ်။
Ceramic သုံးထားလို့ မှန်ထက် လေးတာကြောင့် အရင် OPPO Find X3 Pro ထက် ဝိတ်စီးပြီး 218g လေးမယ်လို့လည်း ဖော်ပြထားပါတယ်။ ကောင်းကွက်တစ်ခုက မှန်ထက် အပူစီးကူးမှုကို ပိုကောင်းစေလို့ Cooling စနစ်မှာ ပိုထိရောက်လာတာပဲ ဖြစ်ပါတယ်။ Flagship SoC သစ်ဖြစ်တဲ့ Snapdragon 8 Gen 1 နဲ့ မောင်းနှင်ထားပြီး Android 12 အခြေခံ ColorOS 12.1 စနစ်နဲ့ လာပါတယ်။
ဘက်ထရီပါဝါ 5000mAh အကြီးစားပါဝါနဲ့ လာပြီး ကြိုးနဲ့အားသွင်းတဲ့ Wired Charging အတွက် 80W SuperVOOC အားသွင်းနည်းပညာ ပံ့ပိုးထားပြီး Wireless Charging ပိုင်းမှာ ၄၇ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် 50W AirVOOC နည်းပညာနဲ့ ထွက်လာပါတယ်။ Battery Life ကို ၈၀% မရောက်ခင် အကြိမ်ပေါင်း ၁၆၀၀ အထိ အားသွင်းနိုင်မယ့် Battery Health Engine စနစ် ပါရှိပါတယ်။ ပုံမှန်ဖုန်းဘက်ထရီတွေဟာ အကြိမ် ၈၀၀ အားသွင်းမှု Charge Cycle လုပ်ပြီးရင် ဘက်ထရီစွမ်းဆောင်ရည် ၈၀% ကို ကျဆင်းသွားတတ်တာ ဖြစ်ပါတယ်။
Photo: GSMARena
ဘက်ထရီသက်တမ်းခံမှုကို ပိုကောင်းစေတဲ့ နောက်ထပ် Feature တစ်ခုက အားသွင်းတဲ့ Chargin Coil နဲ့ Motherboard အပေါ်မှာ 3D ဂရပ်ဖင်းဖလင်ပြား အုပ်ထားတာပဲ ဖြစ်ပါတယ်။ 50W Wireless Charger သုံးတဲ့အခါမှာ တခြားပြိုင်ဘက်တချို့ထက် ၃ ဒီဂရီ ပိုအေးစေတယ်လို့လည်း ကုမ္ပဏီက ကြေညာထားပါတယ်။ ဂရပ်ဖင်းဖလင်ပြားက Display Drvier Chip နဲ့ Display အပူချိန်ကိုလည်း လျှော့ချနိုင်ပါတယ်။ Snapdragon Chipset မှာလည်း အရင်မျိုးဆက်ထက် ၇၅% ပိုကြီးတဲ့ Vapor Chamber တစ်ခု ပါရှိတယ်လို့ ဆိုပါတယ်။
အသံစနစ်အနေနဲ့ Dolby Atmos Support ပေးထားတဲ့ စတီရီယိုစပီကာတွေနဲ့ လာပြီး ကင်မရာစနစ်မှာ Find X3 မော်ဒယ်လိုမျိုး Sony IMX766 Sensor သုံး Wide နဲ့ Ultrawide 50MP ကင်မရာနှစ်လုံးပါရှိပါတယ်။ ကင်မရာစနစ်ပိုင်းအတွက် တွဲဖက်သုံးတဲ့ Hardware နဲ့ ပုံဖော်စနစ်တွေကို အဆင့်မြှင့်တင်ထားပါတယ်။ ဒီထဲမှာ ထူးခြားတာက 6nm MariSilicon X chip ပဲ ဖြစ်ပါတယ်။
ဒီ chip က ဓါတ်ပုံရိုက်ကူးပုံဖမ်းတဲ့စနစ် လုပ်ရာမှာ AI နည်းပညာနဲ့ ရုပ်ထွက်မပြတ်သားတာတွေကို ရှင်းထုတ်နိုင်သလို ပုံမှန်ညမြင်ကွင်းရိုက်တဲ့ ဗွီဒီယိုစနစ်ထက် သာလွန်တဲ့ 4K Ultra Night Video စနစ်လည်း ပါရှိပါတယ်။ 4K Ultra Night Video က Wide မှာရော Ultrawide ကင်မရာမှာပါ ထည့်ထားပါတယ်။ OPPO ရဲ့ ဒီ Chip ဟာ ဖုန်းတစ်လုံးမှာ 120 dB Dynamic Range နဲ့ HDR Video ရိုက်ကူးနိုင်စေမယ်လို့လည်း ဆိုပါတယ်။ Pro Mode မှာလည်း Hasselblad Natural Color Calibration feature သုံးပြီး 13-channel color senor ပါလာသလို ကာလာတိကျမှုပိုကောင်းစေဖို့ ကင်မရာပေါ်က Glass Front Element တစ်ခုလည်း သုံးထားတယ်လို့ ဆိုပါတယ်။
Photo: GSMArena
Wide Lens ကင်မရာဟာ lens နဲ့ sensor shift နည်းပညာ ပေါင်းထားတဲ့ 5-axis OIS ရုပ်ငြိမ်စနစ်သစ်ပါပြီး ဓါတ်ပုံရိုက်ရင်း လက်တုန်တာကို ၃ ဒီဂရီအထိ တည့်မတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 50MP ကင်မရာနှစ်လုံးနဲ့အတူ 5x hybrid နဲ့ 3x optical zoom ဆွဲရိုက်နိုင်တဲ့ 13MP Tele ကင်မရာလည်း သုံးထားပြီး ရှေ့ဘက် Selfie ကင်မရာကတော့ RGBW sub-Pixels နဲ့ လာတဲ့ custom Sony IMX709 Sensor သုံး32MP ကင်မရာ ဖြစ်ပါတယ်။ ဆယ်လ်ဖီကင်မရာဟာ ပုံမှန် ၈၀ ဒီဂရီ FOV ထားပေမယ့် အဖွဲ့လိုက် Group ဆယ်လ်ဖီရိုက်တာနဲ့ ၉၀ဒီဂရီ FOV ကို အလိုအလျောက် ပြောင်းသွားမှာပါ။
OPPO Find X5 Pro ကို Ceramic White နဲ့ Glaze Black နှစ်ရောင်နဲ့လာပြီး RAM 12GB/256GB Storage တစ်မျိုးပဲ ထွက်ထားပါတယ်။ Pre-order ကို အခုကတည်းက မှာနိုင်ပြီး မတ်လ ၁၄ ရက်နေ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်း ယူရို၁၃၀၀ ဖြစ်လို့ လက်ရှိမြန်မာငွေပေါက်ဈေးနဲ့ဆို အနည်းဆုံး ၂၆ သိန်းကျော်ဖို့ ရှိပါတယ်။