တရုတ် 5G ဖုန်းတွေနဲ့ ယှဉ်နိုင်မယ့် တန်ဖိုးသင့် အိန္ဒိယ 5G ဖုန်းကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Lava AGNI 5G ဟာ အိန္ဒိယအမှတ်တံဆိပ် ပထမဆုံး 5G ဖုန်းဖြစ်ပြီး အကြီးစား Screen ၊ ခေတ်မီတဲ့ဒီဇိုင်းနဲ့ သင့်တင့်တဲ့ဈေးနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ Lava AGNI 5G ဟာ selfie ကင်မရာအတွက် punch-hole cutout ဒီဇိုင်းသုံးထားပြီး ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာအိမ်နဲ့ ကင်မရာလေးလုံး တပ်ဆင်ထားတာပါ။ လက်ဗွေစနစ်ကို ဖုန်းဘေးဘောင်ပါဝါခလုတ်ထဲ မြှပ်ပေးထားပါတယ်။
Photo: Gizmochina
ဒီဖုန်းဟာ မျက်နှာပြင်အရွယ်အစား ၆.၇၈ လက်မရှိပြီး FHD+ ရုပ်ထွက်ရ LCD panel သုံးထားတာ ဖြစ်ပါတယ်။ refresh rate ကို 90Hz သုံးထားပြီး screen အပေါ်မှာ အကြမ်းခံနိုင်မယ့် Gorilla Glass 3 မှန်နဲ့ အုပ်ထားပါတယ်။ ရှေ့ကင်မရာ 16MP ၊ ကျောဘက် 64MP main sensor ၊ 5MP ultrawide sensor ၊ 2MP portrait lens နဲ့ 2MP macro ကင်မရာအပြင် dual-LED Flash လည်း ပါရှိပါတယ်။
5G ကွန်ရက်စနစ်အထောက်အပံ့ပေးနိုင်တဲ့ MediaTek Dimensity 810 chipset နဲ့လာပါတယ်။ 6nm process နဲ့ တည်ဆောက်ထားတဲ့ ဒီ chipset ဟာ ပါဝါသုံးစွဲမှု လျှော့ချနိုင်တဲ့အပြင် Lava ကလည်း ဒီဖုန်းမှာ ဘက်ထရီပါဝါအစားသက်သာတဲ့စနစ် ထည့်ပေးထားတယ်လို့ ဆိုပါတယ်။
"Agni 5G က နည်းပညာနယ်ပယ်ထဲမှာ အိန္ဒိယနဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ အောင်မြင်မှုကို ကိုယ်စားပြုပါတယ်။ နောက်ဆုံးပေါ် စမတ်ဖုန်းနည်းပညာတွေ ထည့်ထားပြီး အကောင်းဆုံးတန်းဝင်ဖုန်းဖြစ်သလို အိန္ဒိယမှာပဲ ကြံဆထုတ်လုပ်တာကြောင့် အိန္ဒိယနိုင်ငံသားတွေအနေနဲ့ ဂုဏ်ယူရမှာပါ"လို့ Lava International Limited ဥက္ကဌ ဆူနေး ရိန်နာက ပြောပါတယ်။
Photo; MySmartPrice
Lava AGNI 5G ဟာ RAM 8GB/128GB storage ဗားရှင်းနဲ့ ထွက်ထားပြီး အကြီးစား 5000mAh ဘက်ထရီ ပါရှိပါတယ်။ ဘက်ထရီအားသွင်းမှုကိုတော့ 30W fast charging အထောက်အပံ့ပေးထားတယ်လို့ ဆိုပါတယ်။ ကွန်ရက်ချိတ်ဆက်မှုပိုင်းမှာ Dual SIM ၊ 5G ၊ Wi-Fi 6 ၊ Bluetooth 5.1 ၊ GPS ၊ 3.5mm headphone Jack နဲ့ USB Type-C port တို့ ပါဝင်ပါတယ်။
stock version လို့ ပြောနိုင်လောက်တဲ့ Android 11 စနစ်နဲ့လာတဲ့ဖုန်းလည်း ဖြစ်ပါတယ်။ အပြာရောင် Fiery Blue တစ်ရောင်တည်းနဲ့ ထွက်ထားပြီး ရူပီး ၂၀၀၀၀ (မြန်မာငွေ ၅ သိန်းခန့်) ဈေး သတ်မှတ်ထားပြီး pre-booking တင်သူတွေကို ရူပီး ၁၈၀၀၀ (မြန်မာငွေ ၄ သိန်းခွဲ) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။