အလတ်တန်းစားဈေးနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ Realme Pad X 5G တက်ဘလက်ကို အိန္ဒိယဈေးကွက်မှာ ကြေညာလိုက်ပါတယ်။
တရုတ်ဈေးကွက်မှာ မေလတုန်းက မိတ်ဆက်သွားခဲ့တဲ့ Realme Pad X ကို အိန္ဒိယဈေးကွက်မှာ 5G ချိတ်ဆက်မှုနဲ့ Apple ရဲ့ Center Stage စတိုင် အသုံးပြုသူရဲ့ လှုပ်ရှားမှုကို ခြေရာခံပြီး ဖရိမ်ညှိပေးမယ့် Limelight လုပ်ဆောင်ချက်စနစ်တို့နဲ့ ပွဲထုတ်လာတာပါ။ LimeLight Feature ကို လောလောဆယ် Google Duo ၊ Google Meet နဲ့ Zoom ဗွီဒီယိုခေါ်ဆိုရေး App တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Hardware Specs တွေအနေနဲ့ အိန္ဒိယရောက် Realme Pad X မှာ အပြောင်းအလဲ မရှိပါဘူး။ မျက်နှာပြင်အရွယ်အစား ၁၀.၉၅ လက်မ WUXGA+ LCD Screen ဟာ 2K Resolution ရုပ်ထွက် ပါရှိပြီး ပလတ်စတစ်ဘော်ဒီ လေးထောင့်စပ်စပ် ကိုယ်ထည်ဘောင်နဲ့ တည်ဆောက်ထားပါတယ်။ 5G ကွန်ရက် ချိတ်ဆက်မှုပါတဲ့ Snapdragon 695 Chipset နဲ့လာပြီး RAM 6GB/128GB ဗားရှင်းအထိ ထွက်လာပါတယ်။
ကျောဘက် အသေးစား စတုဂံကင်မရာ Bump ထဲမှာ စက်ဝိုင်းပုံ 13MP Lens တစ်ခု နဲ့ ရှေ့ညာဘေးဘောင် 8MP Sensor တို့ သုံးထားပါတယ်။ စတီရီယိုစပီကာ ၄ လုံး တပ်ဆင်ထားပြီး တက်ဘလက်နဲ့ တွဲဖက်ဖို့ Realme Pencil နဲ့ စမတ် Keyboard စတဲ့ accessory တွေလည်း သီးသန့် ရောင်းချသွားမှာပါ။ ပိုလီကာဗွန်နိတ်နဲ့ ထုတ်လုပ်ထားတဲ့ Realme Pencil ဟာ pressure sensitive level 4096 နဲ့ touch sampling rate 240Hz အထိ ပါရှိပါတယ်။ ၆၀ ဒီဂရီအစောင်းအထိ ရေးနိုင်သလို ၁၀.၆ နာရီအထိ အသုံးပြုနိုင်မယ့် ဘက်ထရီလည်း ထည့်သွင်းထားပါတယ်။
သံလိုက်ကြိုးမဲ့အားသွင်းစနစ် ပါလို့ Realme Pad X တက်ဘလက်နဲ့ တွဲထားရုံနဲ့ Stylus ကို အားသွင်းနိုင်မှာပါ။ Realme Pencil နဲ့ Smart Keyboard တို့ကို ရူပီး ၅၅၀၀ (မြန်မာငွေ ၁ သိန်း ၃ သောင်း) နဲ့ ရူပီး ၅၀၀၀ (မြန်မာငွေ ၁ သိန်း ၂ သောင်းခန့်) ဈေးတွေနဲ့ သပ်သပ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Realme Pad X ကို WiFI Only ဗားရှင်းနဲ့ 5G ဗားရှင်း ဆိုပြီး နှစ်မျိုးလာပါတယ်။ WiFi Only ဗားရှင်းမှာ RAM 4GB/64GB Onboard Storage တို့ ပါရှိပြီး ရူပီး ၁၈၀၀၀ (မြန်မာငွေ ၄ သိန်း ၇ သောင်းခန့်) ဈေး သတ်မှတ်ထားပါတယ်။
5G ဗားရှင်းမှာ RAM 4/64GB ဗားရှင်းနဲ့ RAM 6/128GB Storage ဗားရှင်းဆိုပြီး နှစ်မျိုး ထွက်ပါတယ်။ ဒီဗားရှင်းနှစ်မျိုးကို ရူပီး ၂၆၀၀၀ (မြန်မာငွေ ၆ သိန်းကျော်) နဲ့ ရူပီး ၂၈၀၀၀ (မြန်မာငွေ ၇ သိန်းခန့်) ဈေးတွေနဲ့ ဝယ်ယူနိုင်မှာပါ။