အိန္ဒိယအီလက်ထရွန်းနစ်ကုမ္ပဏီ TAGG ကနေ SpO2 sensor ၊ IP68 rating နဲ့ 3D Curved display ပါ အမိုက်စားတန်ဖိုးသင့်နာရီတစ်လုံး ကြေညာသွားပါတယ်။
TAGG Verve Ultra လို့ နာမည်ပေးထားတဲ့ ဒီစမတ်နာရီသစ်ဟာ ဈေးကွက်ထဲက High-end features တွေ ပါလာတဲ့ တန်ဖိုးသင့် စမတ်နာရီသစ်ဖြစ်ပြီး အနက် ၊ မီးခိုးနဲ့ ပန်းရောင် ကာလာ ၃ မျိုးနဲ့ ထွက်ထားပါတယ်။ နာရီဒီဇိုင်းဟာ Apple Watch ပုံစံမျိုး ယူထားပြီး နှစ်ဖက်မှန်ခုံး Dual 3D curved display သုံးထားတာပါ။ Screen အရွယ်အစား ၁.၆၉ လက်မနဲ့လာပြီး ဇီဝတိုင်းတာစောင့်ကြည့်ရေးစနစ်မျိုးစုံလည်း ပါရှိပါတယ်။
Photo: gizmochina
ဇီဝအာရုံခံတိုင်း စနစ်တွေ တိကျမှုရှိစေဖို့ SenseIQ နည်းပညာ နဲ့လာပြီး သွေးတွင်းအောက်ဆီဂျင်တိုင်းတာတဲ့ SpO2 sensor ၊ နှလုံးခုန်နှုန်း စောင့်ကြည့်အာရုံခံစနစ် ၊ အမျိုးသမီးများ ဓမ္မတာစက်ကွင်း ခြေရာခံစနစ်နဲ့ အိပ်စက်မှုတိုင်းတာရေးနည်းပညာတွေလည်း ထည့်သွင်းထားပါတယ်။ Sports Mode တွေလည်း မျိုးစုံထည့်ထားပြီး လူသုံးများတဲ့ လမ်းလျှောက်ခြင်း ၊ ပြေးခြင်း ၊ ကြိုးခုန်ခြင်း ၊ ကိုယ်လက်လှုပ်ရှားခြင်းနဲ့ တောင်တက်ခြင်း စတဲ့ အားကစားလုပ်ဆောင်မှုတွေအတွက်လည်း ပံ့ပိုးပေးထားပါတယ်။
TAGG Verve Ultra ဟာ ဆယ်ရက်အားခံတဲ့ ဘက်ထရီနဲ့လာပြီး အရောင် ၁၃ မျိုးပါ နာရီကြိုး ၁၆ ကြိုးနဲ့ ထွက်ထားပါတယ်။ နာရီဒိုင်ခွက် Watch Faces အမျိုးမျိုး ပါရှိပြီး NORDIC NRF52832 chipset နဲ့ လာပါတယ်။ ရေသောက်ဖို့ ၊ နာရီနှိုးစက်နဲ့ ဓမ္မတာစက်ကွင်းပိုင်း စောင့်ကြည့်သတိပေးနိုင်ဖို့အတွက်လည်း Smart Reminders features ပါရှိပါတယ်။ Android နဲ့ iOS နှစ်မျိုးစလုံးကို support ပေးထားတဲ့ စမတ်နာရီလည်း ဖြစ်ပါတယ်။
အိန္ဒိယဈေးကွက်မှာ TEGG Verve Ultra ကို ၂၉၉၉ ရူပီး (မြန်မာငွေ ၈ သောင်းနီးပါး) ဈေးနဲ့ရောင်းချသွားမှာပါ။