ဖျော်ဖြေရေးအသားပေး VR Headset ဈေးကွက်ထဲ HTC ရဲ့ ဒေါ်လာ ၅၀၀ တန် ထုတ်ကုန်သစ် ဝင်ရောက်လာပါတယ်။
HTC Vive Flow ဟာ အရင် HTC Vive ထုတ်ကုန်တွေနဲ့ အတော်လေး ကွဲပြားမှုရှိတဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပြီး အရင်လို ခေါင်းစွပ်နိုင်တဲ့ Strapped ဒီဇိုင်းကနေ အကြီးစား မျက်မှန်ဒီဇိုင်းမျိုးနဲ့လာပါတယ်။ အရင် Viv Focus 3 ထုတ်ကုန်ဟာ လုပ်ငန်းသုံး ထုတ်ကုန်အနေနဲ့ Enterprise ဖောက်သည်တွေကို ရည်ရွယ်ထားပြီး Vive Flow မှာ ဝတ်ဆင်ရ ပိုပြီး သက်တောင့်သက်သာရှိတဲ့ဒီဇိုင်းကို သုံးလာပါတယ်။
Photo; roadtovrlive
HTC Vive Flow ဟာ သူ့ထက် ဈေးပိုသက်သာတဲ့ Oculus Quest 2 ထက် ဒီဇိုင်းပိုင်း ပိုကျစ်လျစ်ပြီး ဝတ်ဆင်ရလွယ်ကူသလို ပိုလည်း ပေါ့ပါးမှုရှိပါတယ်။ နေကာမျက်မှန်ဒီဇိုင်းမျိုးဖြစ်ပြီး ဘက်ထရီပါမလာတာကြောင့် ၁၈၉ ဂရမ်ပဲ အလေးချိန်ရှိတယ်လို့ ဆိုပါတယ်။ Flow မော်ဒယ်ဟာ အားသွင်းဖို့ USB-C port ကနေ ပြင်ပဘက်ထရီနဲ့ ချိတ်ဆက်ပါတယ်။ visuals နဲ့ controls ပိုင်းအတွက် ဖုန်းနဲ့ ကြိုးမဲ့ wireless ချိတ်ဆက်မှု လုပ်ပါတယ်။
Vive Flow မှာ ၂.၁ လက်မအရွယ် LCD display နှစ်ခု ပါရှိပြီး တစ်ခုကို 1600 x 1600 per eye ရုပ်ထွက်နဲ့ လာပါတယ်။ ဒီဂရီ ၁၀၀ မြင်ကွင်းကျယ် ဖော်ပြပေးနိုင်ပြီး 75Hz refresh rate အထောက်အပံ့လည်း ပေးထားပါတယ်။ Headset lens တစ်ခုချင်းစီရဲ့ Focus ဖမ်းတာကိုလည်း ချိန်ညှိနိုင်မယ့် Diopter Dials နှစ်ခု ပါသလို VR headset တပ်ထားသူကို ပတ်ဝန်းကျင်အခြေအနေပါ သိစေဖို့ ကင်မရာနှစ်လုံး တပ်ထားပါတယ်။
ဒီ headset မှာ RAM 4GB/64GB storage ပါရှိပြီး Qualcomm XR1 chip သုံးထားပါတယ်။ အသံခံစားမှုအနေနဲ့ ဆူညံသံနဲ့ ပဲ့တင်သံတွေ ဖယ်ရှားပေးနိုင်မယ့် dual microphone နဲ့ ပတ်ပတ်လည်အသံနည်းပညာပါ စတီရီယိုစပီကာတွေလည်း ပါရှိပါတယ်။ Vive Flow ကို Bluetooth နားကြပ်တွေနဲ့လည်း ချိတ်ဆက်နိုင်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ HTC Vive Flow မှာ controllers တွေအစား Headset နဲ့ ချိတ်ထားတဲ့ ဖုန်းကိုပဲ Controller လို သုံးရမှာပါ။
ဖုန်းနဲ့ Headset ကို ချိတ်ဆက်နိုင်ဖို့ ဖုန်းပေါ်မှာ Vive ပလက်ဖောင်းပေါ် အကောင့်ဖန်တီးတာ ဒါမှမဟုတ် Sign in ဝင်တာမျိုး လုပ်ပြီးမှ Bluetooth နဲ့ ချိတ် ၊ အဲ့ဒီနောက် 5GHz Wi-Fi ကွန်ရက်တစ်ခုနဲ့ ချိတ်ရမယ်လို့ ဆိုပါတယ်။ HTC Vive Flow မှာ apps ပေါင်း ၁၀၀ နဲ့ စတင် Launch လုပ်သွားမှာ ဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ app ၁၅၀ အထိ ရှိလာမယ်လို့ လည်း ကုမ္ပဏီက ပြောထားပါတယ်။
Vive Flow ဟာ Android 9.0 နဲ့အထက် Android ထုတ်ကုန်တွေနဲ့ ချိတ်ပြီး Video Streaming Apps တွေ နဲ့ ဇာတ်ကားကြည့်တာ ၊ အန်းဒရိုက်ဂိမ်းကစားတာမျိုး သုံးနိုင်မှာ ဖြစ်ပြီး လောလောဆယ်တော့ iOS ထုတ်ကုန်တွေကို support ပေးမထားဘူးလို့ ဆိုပါတယ်။ ဒေါ်လာ ၅၀၀ (မြန်မာငွေ ၉ သိန်းခွဲကျော်) ဈေးနဲ့ pre-order မှာနိုင်မှာ ဖြစ်ပြီး နိုဝင်ဘာလထဲမှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။