Apple ဟာ အနာဂါတ်ထုတ်ကုန်သစ်အဖြစ် ပုံရိပ်ယောင် AR/VR Headset ကို မိတ်ဆက်ဖို့ ရှိပါတယ်။
အာရုံခံမှုစနစ်ကို ပုံရိပ်ယောင်နဲ့ ကွန်ပျူတာနည်းပညာသုံးပြီး အဆင့်မြှင့်ထားတဲ့ AR/VR Headset တစ်မျိုးကို Apple ဟာ ကာလရှည် တီထွင်ဖန်တီးမှုတွေ လုပ်နေတယ်လို့ သတင်းထွက်ခဲ့တာပါ။ အမြင် ၊ အသံ ၊ အထိအတွေ့ တုန်ခါမှုစတဲ့ အာရုံခံနည်းလမ်းတွေကနေ ကွန်ပျူတာနည်းပညာနဲ့ ဖန်တီးထားတဲ့ အချက်အလက်တွေ မျှဝေတဲ့ Augmented Reality (AR) နည်းပညာနဲ့ တကယ့်အပြင်လောကအတိုင်း ပုံဖော်ပေးနိုင်တဲ့ Virtual Reality (VR) နည်းပညာတွေဟာ စမတ်ဖုန်းထက် တစ်ဆင့်မြင့်တဲ့ လူသုံးကုန်နည်းပညာခေတ်တစ်ခေတ် ဖြစ်လာမယ်လို့ အများက ယူဆထားကြတာပါ။
နာမည်ကျော် iPhone ကုမ္ပဏီ Apple လည်း လာမယ့်နှစ်ကစပြီး ကုမ္ပဏီရဲ့ ပထမဆုံး AR/VR Headset သစ်ကို ကြေညာသွားမယ်လို့ သတင်းထွက်နေပါတယ်။ မကြာသေးခင်ကပဲ Headset ပစ္စည်းအစိတ်အပိုင်း ထောက်ပံ့တဲ့ Supplier တွေဆီက သတင်းအချက်အလက်ကို ကိုးကားပြီး ထုတ်ကုန် ဒုတိယအဆင့် အင်ဂျင်နီယာပိုင်းစမ်းသပ်စစ်ဆေးမှု EVT 2 အောင်သွားပြီလို့ ဖော်ပြခဲ့ပါတယ်။ Apple သတင်းတွေမှာဆို စိတ်ချရတဲ့ ဈေးကွက်သုံးသပ်သူ မင်ချိကုအိုကတော့ Apple AR/VR Headset ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလောက် အစောဆုံးထားပြီး မိတ်ဆက်သွားမယ်လို့လည်း ပြောထားပါတယ်။
Apple ရဲ့ ပထမဆုံး AR/VR Headset သစ်ဟာ Apple ထုတ်ကုန်တွေရဲ့ထုံးစံအတိုင်း တော်ရုံလူ အနားမကပ်နိုင်တဲ့ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ သတင်းတွေအရဆို ဒီ Headset ကို ဒေါ်လာ ၂၀၀၀ (မြန်မာငွေ သိန်း ၅၀ ဝန်းကျင်) ဈေး သတ်မှတ်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။ တကယ်တမ်း ဈေးကွက်ဝင်ချိန်မှာ ဒေါ်လာ ၃၀၀၀ နားအထိတောင် ရောက်သွားနိုင်ပါတယ်။ ဒါတောင် ၂၀၂၃ ခုနှစ်အတွင်းမှာ Apple AR/VR Headset ကို အလုံးရေ ၁.၅ သန်းထက် ပိုထုတ်လုပ် ရောင်းချဖို့ မရှိဘူးလို့လည်း ပြောနေကြပါတယ်။
ပြီးခဲ့တဲ့ မေလက Apple ဟာ ဘုတ်အဖွဲ့ဝင်တွေကို ကုမ္ပဏီရဲ့ AR/VR Headset အကြောင်း မိတ်ဆက်တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် Apple ရဲ့ Mixed Reality Headset ထုတ်ကုန်ဟာ ဈေးကွက်ထဲ မဖြန့်ချိခင် နောက်ဆုံးအဆင့်နား ရောက်နေပြီလို့ ပြောနိုင်ပါတယ်။ ဒီ Headset အတွက် Apple ဟာ နှစ်ပေါင်းများစွာ တီထွင်ကြံဆခဲ့ပေမယ့် ထုတ်ကုန်ဖွံ့ဖြိုးရေးလုပ်စဉ်မှာ စွမ်းဆောင်ရည်နဲ့ အပူလွန်ကဲမှုပြဿနာတချို့ တက်ခဲ့တာကြောင့် ထုတ်ကုန်မိတ်ဆက်ဖို့ ကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။
Apple AR/VR Headset သစ်ဟာ အဆင့်မြင့် Flagship M2 Processor သစ်နဲ့ ထွက်လာဖို့ ရှိတယ်လို့ Bloomberg သတင်းထောက် မာ့ခ်ဂါးမန်းက ပြောထားပါတယ်။ Apple MR Headset သစ်ဟာ WWDC 2022 မှာ မိတ်ဆက်သွားတဲ့ M2 Silicon Chip နဲ့အတူ RAM 16GB သုံးလာမယ်လို့ ဂါးမန်းက ပြောခဲ့တာပါ။ M2 Processor သစ်ဟာ လက်ရှိ M1 Chip ထက် CPU နဲ့ GPU စွမ်းဆောင်ရည်ပိုင်းမှာ ၁၈& နဲ့ ၃၅% ပိုသွက်လက်မြန်ဆန်မှု ရှိမှာ ဖြစ်ပါတယ်။
၂၀၂၂ နှစ်အကုန် နဲ့ ၂၀၂၃ ခုနှစ်အတွင်း မြင်ရဖို့ ရှိတဲ့ Apple ရဲ့ ပထမဆုံး AR/VR Headset ထုတ်ကုန်နဲ့ ပတ်သက်ပြီး သတင်းတွေအများအပြား ထွက်ထားပါတယ်။ အတည်မပြုနိုင်သေးတဲ့အချက်အလက်တွေအရ Apple AR/VR Headset ဟာ အပေါ့စား Lightweight ဒီဇိုင်းနဲ့လာပြီး 8K Display နှစ်ခု သုံးလာမယ်လို့ ဆိုပါတယ်။ Apple ရဲ့ ပထမဆုံး Headset သစ်မှာ ကင်မရာ Modules ၁၅ ခု ပါဝင်ပြီး အဓိကပင်မ Processor နှစ်ခု သုံးလာနိုင်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအတွက် WiFi 6E စံနဲ့လာပြီး မျက်စိအကြည့်အတိုင်း ခြေရာခံထောက်လှမ်းနိုင်ခြင်း ၊ အရာဝတ္ထုခြေရာခံမှု ၊ AR Mode ၊ လက်အမူအရာနဲ့ ထိန်းချုပ်စနစ် စတဲ့ Features တွေလည်း ထည့်သွင်းလာမယ်လို့ သတင်းထွက်နေပါတယ်။
မင်ချိကုအိုကတော့ ပိုပြီး ဈေးသက်သာတဲ့ AR/VR Headset မော်ဒယ်ကို ၂၀၂၅ ပထမနှစ်ဝက်အတွင်းမှာ ဖြန့်ချိဖို့ ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။