တောင်ကိုရီးယား စမတ်ဖုန်းကုမ္ပဏီ Samsung ကနေ ပရီမီယံဖုန်းသစ်တစ်မျိုးကို လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့ တရုတ်ဈေးကွက်မှာ ကြေညာသွားမယ်လို့ ဆိုပါတယ်။
Samsung နဲ့ China Telecom တို့ ပူးပေါင်းပြီး Samsung W22 5G ဖုန်းသစ်ကို အောက်တိုဘာ ၁၃ ရက် ည ၇ နာရီအချိန် Hangzhou Grand Theater ကြီးဖြစ်တဲ့ Yueliang Four Season Theater မှာ ကြေညာသွားမှာပါ။ Samsung ကနေ တရုတ်ဈေးကွက်ထဲကို တန်ဖိုးကြီး W series တွေကို အရင်ကတည်းက မိတ်ဆက်လာခဲ့တာ ဖြစ်ပြီး W22 5G အရင်မှာ Galaxy W20 နဲ့ W21 တို့ကိုလည်း ကြေညာခဲ့ဖူးပါတယ်။
Photo: harapanrakyat
Samsung W20 နဲ့ W21 တို့က Foldable ဖုန်းတွေ ဖြစ်ပြီး တရုတ်ဈေးကွက်အတွက် Luxury ဗားရှင်းအဖြစ် သီးသန့် ထုတ်ထားတာပါ။ ဒီထုတ်ကုန်တွေအရင် ၂၀၁၈ အကုန်မှာ ထွက်တဲ့ Samsung W2019 တို့လို Flip Phone ခေါက်ဖုန်းတွေလည်း ဒေါ်လာ ၂၇၀၀ ဝန်းကျင် (မြန်မာငွေ ၅၅ သိန်းနီးပါး) ဈေးတွေနဲ့ ရောင်းချခဲ့တာပါ။ W2019 မှာဆို physical T9 Keyboard နဲ့ ၄.၂ လက်မအရွယ်အပို cover screen တစ်ခု ၊ Snapdragon 845 chipset သုံးထားတာပါ။
W20 ကစပြီး Samsung W series ဖုန်းသစ်တွေဟာ ကုမ္ပဏီထုတ် စမတ်ဖုန်းတွေထဲမှာ ဈေးအကြီးဆုံး သူဌေးကိုင်ဖုန်းတွေ ဖြစ်ပြီး Galaxy Fold ဖုန်းတွေကို rebrand လုပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ Galaxy W20 5Gနဲ့ W21 5G တွေဆို Galaxy Fold 5G နဲ့ Galaxy Z Fold 2 5G တွေအဖြစ် Global မှာ မိတ်ဆက်နေတဲ့ ဖုန်းတွေပါပဲ။ Galaxy W22 5G ကလည်း ဒီနှစ်ထဲ ထွက်ထားတဲ့ Galaxy Z Fold 3 နဲ့ ဒီဇိုင်းရော အတွင်း internal specs ပါ အတူတူ ဖြစ်ဖို့ ရှိပါတယ်။
Photo: Gizmochina
Gizmochina သတင်းအရ Samsung W22 5G ဟာ Qualcomm Snapdragon 888 SoC ၊ အမြင့်ဆုံး RAM 16GB/512GB storage အထိ သုံးလာမယ်လို့ ဆိုပါတယ်။ စာအုပ်တစ်အုပ်လို ဖွင့်/ပိတ်နိုင် Foldable Devices ဖြစ်ပြီး ဖွင့်ထားချိန်အတွင်းဘက် ၇.၆ လက်မ display နဲ့ ကာဗာ Screen ၆.၂ လက်မ ရှိမှာပါ။ Screen ဟာ 120Hz refresh rate ပံ့ပိုးထားပြီး Gorilla Glass မှန်အုပ်ပေးထားမှာပါ။
Galaxy Z Fold 3 အတိုင်းဆို အတွင်းမှန်ပြင်အောက် Under-Display ကင်မရာနဲ့ သုံးလုံးတွဲကင်မရာစနစ် နဲ့ လာဖို့ ရှိပါတယ်။ Samsung W22 ဟာ 4400mAh ဘက်ထရီနဲ့ Fast Charging support ပါလာမှာ ဖြစ်ပြီး အားသွင်းမှုအပိုင်းဟာ Galaxy Z Fold 3 လိုမျိုး 25W wired charging နဲ့ 11W wireless charging သုံးလာနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ယွမ် ၁၉၀၀၀ (မြန်မာငွေ ၅၈ သိန်းကျော်ခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ သတင်းထွက်နေပါတယ်။