ပစ္စည်းပြတ်တဲ့အထိ ရောင်းအားလိုက်နေပါတယ်

လမ်းပေါ်ရော လေပေါ်မှာ ပျံသန်းသွားလာနိုင်မယ့် မိုးပျံကားတစ်မျိုးကို ဆွီဒင်ကုမ္ပဏီတစ်ခုက ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပါတယ်။ 

ဆွီဒင်ကုမ္ပဏီ Jetson က ဒီဇိုင်းထုတ်ထားတဲ့ Jetson One ဟာ လျှပ်စစ်မော်တာ ၈ လုံးတပ် ပုဂ္ဂလိကသုံး မိုးပျံယာဉ်ဖြစ်ပြီး အလူမီနီယမ်နဲ့ ကာဗွန်ဖိုက်ဘာကိုယ်ထည် သုံးထားတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ "ဘေးကင်းစိတ်ချရတဲ့ တစ်ကိုယ်ရည်သုံး လျှပ်စစ်လေကြောင်းယာဉ်နဲ့ လူတိုင်း ကောင်းကင်ပေါ် ပျံတက်နိုင်ရေးအတွက် ဖန်တီးလိုက်တာ" လို့ ဖော်ပြထားပါတယ်။



 Photo: newshub

Jetson One ဟာ လက်ရှိ ဈေးကွက်ထဲ စတင်ရောင်းချနေတဲ့ ရှားရှားပါးပါး မိုးပျံကားတစ်စင်းဖြစ်ပြီး မြင်းကောင်ရေ ၁၀၂ ကောင်အား ထုတ်တဲ့ လျှပ်စစ်မော်တာ ၈ လုံးတပ်ထားတာ ဖြစ်ပါတယ်။ အများဆုံး တစ်နာရီ ၆၃ မိုင်နှုန်းအထိ ပျံသန်းနိုင်ပြီး လေထဲမှာ မိနစ် ၂၀ ကြာ ဆက်တိုက် ပျံသန်းနိုင်မယ်လို့လည်း ဆိုပါတယ်။ ထောင်လိုက် ပျံတက်နိုင်တဲ့ ယာဉ်ဖြစ်ပေမယ့် အများဆုံး တက်နိုင်မယ့် အမြင့်ပေတော့ ပြောထားခြင်း မရှိပါဘူး။

ကားကို ဘယ်ညာ ၊ ထက်အောက် ၊ ရှေ့နောက် ဝင်ရိုးသုံးခုပါ Joystick နဲ့ ထိန်းချုပ်ထားပြီး ပါဝါချိန်ညှိဖို့ လီဗာတစ်ခုလည်း ပါမှာ ဖြစ်ပါတယ်။ ယာဉ်ကိုယ်ထည်ဟာ ပြိုင်ကားတွေမှာ သုံးတဲ့ နည်းပညာကနေ မှီငြမ်းထားတာ ဖြစ်ပြီး အင်ဂျင်တစ်လုံး ပျက်သွားရင်တောင် ပျံသန်းနိုင်ဦးမယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။ လေယာဉ်ကို ထိန်းချုပ်ဖို့ အရေးပေါ် လုပ်ဆောင်ချက်တစ်ခုလည်း ပါသလို လေထဲက အတားအဆီးတွေကို ခြေရာခံ ရှောင်ရှားဖို့အတွက် LiDAR sensor တစ်ခုနဲ့ လေထီးတစ်ခုလည်း ပါရှိမယ်လို့ ဆိုပါတယ်။ 



၂၀၂၂ ခုနှစ်အတွက် အမှာပစ္စည်းပြတ်လပ်အောင် ရောင်းချထားပြီး ၂၀၂၃ မှာ ထပ်ပြီး ပို့ဆောင်ဖို့ပါ ရှိနေတယ်လို့ ဆိုပါတယ်။ ဝယ်ချင်သူတွေဟာ ဒေါ်လာ ၂၂၀၀၀ စပေါ်သွင်းပြီး အွန်လိုင်းကနေ မှာနိုင်မှာ ဖြစ်ပါတယ်။ ‌လောလောဆယ် Jetson One တစ်စီးကို ဒေါ်လာ ၉၂၀၀၀ (မြန်မာငွေ သိန်း ၁၆၅၀ ခန့်) ဈေးနဲ့ ရောင်းချနေပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

က္က