ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စု-က အဖွင့်ပွဲကို ဒီနေ့ညနေ ၃း၃၀ မှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ကစားခဲ့ကြပြီး အင်ဒို ယူ-၂၂က ဖိလစ်ပိုင်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အင်ဒိုနိးရှားက ပထမပိုင်းပြီးခါနိးမှာ တဂိုးသွင်းကာ ဒုတိယပိုင်းပြီးခါနီးမှာတော့ ၂ဂိုးဆက်တိုက်ရရှိခဲ့ပြီး အဖွင့်ပွဲမှာ ရလဒ်ကောင်းသွားခဲ့ပါတယ်။
ဆီးဂိမ်းမှာဆိုရင် ဆီမီးဖိုင်နယ်အဆင့်ကို မကြာခဏတက်ရောက်နိုင်လေ့ရှိတဲ့ အင်ဒိုနီးရှားအတွက်တော့ ဒီပွဲရလဒ်က ကျေနပ်စရာကောင်းခဲ့မှာပါ။ လူငယ်အသင်းတွေကို ကောင်းကေငာ်းပျိုးထောင်ပေးနိုင်နေတဲ့ အကျိုးဆက်ကို ခံစားနေရတာဖြစ်ပြီး အခုလည်း အုပ်စုအဆင့်ကတက်နိုင်ဖို့အတွက် အရေးပါတဲ့ပွဲတပွဲကို အနိုင်ရခဲ့ပါတယ်။
အုပ်စု-က ရဲ့ နောက်ထပ်ပွဲစဉ်အဖြစ် အိမ်ရှင်ကမ္ဘောဒီးယားနဲ့ တီမောတို့ကစားသွားရမှာဖြစ်ပါတယ်။ ဒီအုပ်စုမှာ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊မြန်မာနဲ့ တီမောတို့ ပါဝင်နေပြီး အိမ်ရှင်ကမ္ဘောဒီးယားတို့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် ရည်မှန်းချက်ထားရှိကာ ဆီးဂိမ်းဘောလုံးမှာ ဆုတံဆိပ်တခုရဖို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
မြန်မာအသင်းကတော့ ၂ရက်နေ့မှာ တီမော၊ ၄ ရက်နေ့မှာ အင်ဒိုနီးရှား၊ ၇ ရက်နေ့မှာ ကမ္ဘောဒီးယား၊ ၁၀ ရက်နေ့မှာ ဖိလစ်ပိုင်တို့နဲ့ ကစားသွားရမှာပါ။ အုပ်စုအဆင့်က တက်ရောက်ဖို့အတွက် အင်ဒိုနဲ့ ဖိလစ်ပိုင်ကို အဓိကထားယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ အုပ်စုကနေ လှည့်ပြန်ရသလိုမျိုးမဖြစ်ဖို့အတွက် မျှော်လင့်ရပါတယ်။