ဇော်မင်းထွန်းက ချောင်ဘူရီနဲ့ ဒီကနေ့မှာပဲ စာချုပ်ချုပ်ဆိုခဲ့တာပါ။

မြန်မာပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ (ကို) ဇော်ကြီးအဖြစ် ရေပန်းစားတဲ့ ဗဟိုနောက်ခံလူ ဇော်မင်းထွန်းဟာ ထိုင်းလိဂ်က အသင်းဟောင်း ချောင်ဘူရီကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီလို့ အသင်းဘက်က တရားဝင်ကြေညာလိုက်ပါတယ်။ ဇော်မင်းထွန်းဟာ ဒီကနေ့ (ဇူလိုင် ၄) နေ့လယ်ခင်းမှာပဲ ချောင်ဘူရီအိမ်ကွင်းက အသင်းရုံးခန်းမှာ စာချုပ်ချုပ်ဆိုခဲ့ပြီး ဒါဟာ ချောင်ဘူရီအတွက် ဒီအပြောင်းအရွှေ့မှာ လေးယောက်မြောက် ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

ထိုင်းလိဂ်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ကျင်လည်နေတဲ့ ဇော်မင်းထွန်းရဲ့ ပထမဆုံး ထိုင်းလိဂ်ကလပ်ကလည်း ချောင်ဘူရီပဲဖြစ်ခဲ့ပါတယ်။ အဆိုပါ ဗဟိုနောက်ခံလူကြီးဟာ (၂၀၁၉) မှာ ချောင်ဘူရီကို စတင်ရောက်ရှိလာခဲ့ပြီး နောက်တရာသီမှာပဲ ဆူခိုထိုင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ဇော်မင်းထွန်းက ထရတ်နဲ့အတူ ပြိုင်ပွဲစုံ (၂၃) ပွဲ ပါဝင်ကစားပေးခဲ့ပြီး လာမယ့်ရာသီသစ်မှာတော့ ချောင်ဘူရီနဲ့အတူ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် (၃၀) ရှိပြီတဲ့ ဇော်မင်းထွန်းဟာ သက်တမ်းအလိုက် အသင်းတွေနဲ့ လက်ရွေးစင်အသင်းမှာ သူနဲ့အထိုက်တန်ဆုံး ပွဲထွက်ခွင့်တနေရာကို အခိုင်အမာရယူပြခဲ့ဖူးတဲ့ ကစားသမားပါ။

ပြည်တွင်းကစားသမားဘဝ ဖြတ်သန်းမှုအဖြစ် မကွေး၊ ရတနာပုံ၊ ရန်ကုန်ယူနိုက်တက်တို့မှာ ကစားခဲ့ဖူးပြီး လက်ရွေးစင်အသင်းကြီးအတွက် (၇၅) ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ချောင်ဘူရီဟာ လက်ရှိစျေးကွက်မှာ အယ်မိုင်ဒါ၊ အဲလ်ဗက်စ်၊ အော့တာရာနဲ့ ကစ်တီပေါင်တို့ကို ခေါ်ယူထားပြီး အခုနောက်ဆုံးအနေနဲ့ ဇော်မင်းထွန်းကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က