မြန်မာနိုင်ငံတောင်ပိုင်းက ချစ်စရာကောင်းလွန်းလှတဲ့ ကျွန်းစုပေါင်း ၇၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုမြို့လေးကတော့ မြိတ်မြို့လေးပဲဖြစ်ပါတယ်။ သဘာဝတရားကိုချစ်မြတ်နိုးသူတွေ အတွက်တော့ မြိတ်မြို့လေးက အရမ်းကို လည်ပတ်ချင်စရာမြို့လေးဖြစ်နေမှာ အသေအချာပါပဲ။ ဒါကြောင့်မြိတ်မြို့လေးရဲ့ သွားရောက်လည်ပတ်စရာနေ ရာဒေသလေးတွေကို လိုက်ပါကြည့်ရှူခံစားကြည့်ကြရအောင်နော်၊
(၁)လှပလွန်းတဲ့ မြိတ်ကျွန်းဆွယ်တွေ
ကျွန်းစုတွေ အမြောက်အမြားရှိတဲ့နေရာဖြစ်လို့ မြိတ်မြို့ရောက်ပြီဆိုရင် မြိတ်ကျွန်းဆွယ်တွေကို စလည်ဖို့က ပထမဆုံးရည်ရွယ်ချက်ပဲ ဖြစ်ကြမယ်ထင်ပါတယ်။ ကျွန်းဆွယ်တွေဆီကို စက်လှေလေးစီးပြီး အလွယ်တကူသွားရောက်လည်ပတ်နိုင်ပါတယ်။ လမုတောတွေ အုံ့စိုင်းနေတဲ့ ကျွန်းဆွယ်လေးမှာဆိုရင် ကျေးငှက်ကလေးတွေရဲ့ တေးသံလေးတွေနဲ့အတူ သဘာဝတရားရဲ့ အလှအပတွေကို စီးမြောခံစားနိုင်မှာပါ။ ကျွန်းဆွယ်အနီးအနားမှာတော့ အမြင့်ပေ ၇၂ မီတာ မြင့်မားတဲ့ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးတွေ့နိုင်ပါသေးတယ်။
(၂)ပုလဲဈေး
မြိတ်မြို့ရဲ့ စီးပွားရေးအချက်အချာလုပ်ငန်းတစ်ခုဖြစ်တဲ့ မွေးပုလဲတွေကို ဘယ်လိုမွေးမြူကြသလဲဆိုတာကို သိချင်တဲ့သူတွေအနေနဲ့ ပုလဲဈေးကို သွားရောက်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကမ်းနားလမ်းကနေ 5မိနစ်လောက်ကားလေးမောင်းလိုက်ရင် Royal Pearl Trading ဆိုတဲ့ အဆောက်အအုံကို ရောက်ရှိမှာပါ။ ဒီအဆောက်အအုံဟာဆိုရင်တော့ နှစ်ပေါင်း ၁၅၀ ကျော်ရှိပြီဖြစ်ပြီး မြိတ်မြို့ထွက်ပုလဲလုပ်ငန်းတွေနဲ့ ပုလဲမွေးမြူပုံတွေကို မျက်ဝါးထင်ထင်တွေ့မြင်ရမှာပါ။
(၃)မြိတ်ဘုရား
မြိတ်မြို့ရဲ့ ရေပန်းအစားဆုံးနေရာကတော့ မြိတ်ဘုရားဖြစ်ပါတယ်။ မြိတ်မြို့လယ်က တောင်ကုန်းပေါ် (၂) မိနစ်လောက် လမ်းလျှောက်လိုက်မယ်ဆိုရင် မြိတ်မြို့ရဲ့ လှပတဲ့ ရှုခင်းတွေကို အပြည့်အဝခံစားနိုင်မှာပါ။ စေတီတော်ရဲ့ အနီးနားမှာလည်း အလွန်သေးငယ်တဲ့ ပြတိုက်လေးတစ်ခုတည်ဆောက်ထားပါတယ်။
(၄) မင်္ဂလာကန်တော်
မြိတ်မြို့ကို ရောက်ပြီဆိုရင် မြိတ်မြို့ဗိသုကာလက်ရာတွေကို မော်တော်ဆိုင်ကယ်လေးစီးပြီး ကြည့်ရှူခံစားခဲ့ဖို့ မမေ့ပါနဲ့နော်။ မြိတ်မြို့ရဲ့ အထင်ကရ ရေကန်ကြီး တစ်ကန်ကတော့ နာမည်တွေအများကြီးပိုင်ဆိုင်ထားပါတယ်။ ဥဒေါင်းမင်းကန် ၊ ပဲတောင်စားမင်းကန်၊ ရေကန်ဘောင် ၊ မင်္ဂလာကန်တော် စသဖြင့်ခေါ် ဆိုကြပြီး မြိတ်မြို့လယ်ခေါင်မှာ တည်ရှိတဲ့ ၂၁ ဧကခန့်ကျယ်၀န်းပါတယ်။ အဲဒီရေကန်ကြီးက ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရတာကြောင့် တဖြည်းဖြည်း တိမ်ကောစ ပြုလာပြီး ၂၀၁၇၊ဒီဇင်ဘာလမှာ ပြန်လည်ပြုပြင်အဆင့်မြှင့်မြှင့် တင်ထားတာဖြစ်ပါတယ်။ မြိတ်မြို့ကိုရောက်ရှိခဲ့မယ်ဆိုရင် မဖြစ်မနေ လည်ပတ်သင်တဲ့နေ့ နေရာထဲကတစ်ခုအဖြစ်ဖော်ပြ လိုက်ရပါတယ်။
(၅) ကိုလိုနီခေတ်ဗိသုကာလက်ရာများ
မြိတ်မြို့ရဲ့ အလှအပတွေထဲမှာ လှပလွန်းမကလှပတဲ့ အရာကတော့ ကိုလိုနီခေတ်က ဗိသုကာလက်ရာလေးတွေပဲဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံးကြိမ်ဖြစ်ပွားပြီးတဲ့နောက်မှာ အင်္ဂလိပ်တွေ အခြေချနေထိုင်တဲ့ ပထမဆုံးမြို့တွေက မြိတ် နဲ့ ထားဝယ်ဖြစ်တာကြောင့် ဒီမြို့လေးတွေရဲ့ လှပတဲ့ အဆောက်အအုံတွေက သမိုင်းကို အမှတ်ရစေပါတယ်။
မြိတ်မြို့လေးကို ရောက်ရင်ဖြင့် သွားကိုသွားလည်ရမယ့် နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စိတ်ကျေနပ်ပျော်ရွှင်ရတဲ့ ခရီးကို ပိုင်ဆိုင်နိုင်ကြပါစေ။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။