သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစုပေါင်းလှုပ်ရှားမှုဖြစ်တဲ့ Ngwe Saung Clean Up 2020 ကို Myanmar Underwater Federation နဲ့ Myanmar Hoteliers Association တို့က ဦးဆောင်ပြီး ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့က ချစ်သူများကျွန်းအနီး ငွေဆောင်ကမ်းခြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပွဲကို သရုပ်ဆောင် ဝေဠုကျော် ၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်၊ Myanmar Underwater Federation၊ Myanmar Hoteliers Association မှ တာဝန်ရှိသူတွေ၊ငွေဆောင်က ဟိုတယ်၊ စားသောက်ဆိုင်တွေ၊ Myanmar Dive Center ၊ Volunteer တွေ စုစုပေါင်း လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ကြပါတယ်။
ပုသိမ်တက္ကသိုလ် Department of Marine Science က ဒေါ်ချယ်ရီအောင်က Marine နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ရှင်းလင်းတင်ပြခဲ့ပြီး သရုပ်ဆောင် ဝေဠုကျော်က သန္တာကျောက်တန်းနဲ့ ကမ်းခြေသန့်ရှင်းရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတရဖွယ်ရာ အကြောင်းအရာတွေကို ဟောပြောဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ချစ်သူများကျွန်းနဲ့ အနီးတစ်ဝိုက်ကမ်းခြေမှာ စုပေါင်း အမှိုက်ရှင်းလင်းတာကို ပြုလုပ်ခဲ့ကြတာပါ။
ဒါ့အပြင် သန္တာကျောက်တန်းထိန်းသိမ်းရေးအတွက် ပညာပေးတာတွေပြုလုပ်သွားမယ့် Coral Conversation Club စတင်ဖွဲ့စည်းတဲ့ အခမ်းအနားကိုလည်း Ocean Blue Hotel မှာ လုပ်ဆောင်ခဲ့ပါတယ်။
Ngwe Saung Clean Up ကို ကျင်းပတာဟာ ယခုအကြိမ်နဲ့ဆို (၃)ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။