မြန်မာမှုချစ်သူတွေအတွက် အေးအေးဆေးဆေးနဲ့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးပါ။

မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်သူခင်သူတွေနဲ့ အေးအေးဆေးဆေး ဆိုင်ထိုင်ရတာကို နှစ်သက်ပြီး ဒေသအစားအစာလေးတွေကို စားရတာကြိုက်နှစ်သက်သူအတွက် အထူးသင့်တော်တဲ့ဆိုင်လေးတစ်ဆိုင်နဲ့ Duwun ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။



နယ်မြို့လေးက ကိုယ့်အိမ်ရောက်သွားသလိုခံစားရမယ့်စစ်ကိုင်းလမ်းရိုးရာအစားအစာ

ဒီဆိုင်လေးထဲကို ဝင်လိုက်တာနဲ့ မြန်မာ့ရိုးရာဓလေ့အမွေအနှစ်ပစ္စည်းတွေနဲ့ အနုပညာဖန်တီးမှုတွေ ပေါင်းစပ်ထားတဲ့ အသုံးအဆောင်၊ အပြင်အဆင်တွေကို တွေ့ရမှာပါ။ ဆိုင်ရှင် ဇနီးမောင်နှံ နှစ်ဦးရဲ့ စိတ်ကူးလေးတွေနဲ့‌ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး ဆိုင်ထဲဝင်လိုက်တာနဲ့ မြန်မာမှုပစ္စည်းလေးတွေနဲ့ အလှဆင်ထားတဲ့ အညာအိမ်လေးတစ်အိမ်ကိုသွားလည်ရသလို ခံစားရစေမယ့် ဆိုင်လေးပါ။

"လင်မယားနှစ်ယောက် စိတ်ကူးလေးအတိုင်း ဒီဆိုင်လေးကို ပုံဖော်ထားတာပါ။ ကိုယ်တိုင်ကလည်း မြန်မာမှုပစ္စည်းလေးတွေကိုနှစ်သက်တယ်။ ဒီလိုဆိုင်မျိုးလေးတွေကြိုက်တယ်။ အစားအစာ ဆိုလည်း အညာစာလေးတွေ ရိုးရာအစားစာလေးတွေ ကြိုက်တယ်ပေါ့။ အဲ့ဒါကြောင့် အေးအေးဆေးဆေးထိုင်လို့ရပြီး ရိုးရာအစားစာလေး တွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရနိုင်တဲ့ ဆိုင်လေးဖွင့်ချင်တဲ့စိတ်ကူးကနေ ဒီဆိုင်လေးဖွင့်ဖြစ်တာပါ"လို့ စစ်ကိုင်းလမ်းရိုးရာအစားစာဆိုင်ရဲ့ပိုင်ရှင် မယဥ်ငြိမ်းက ပြောပါတယ်။

ခေတ်ဟောင်းရုပ်ရှင်တွေထဲက မြင်ကွင်းလေးကို ခံစားမိစေမယ့် ပြင်ဆင်မှု

ဆိုင်အတွင်းမှာ အသုံးပြုထားတဲ့ ပန်းချီကားချပ်တွေ၊ ရုပ်သေးရုပ်လေးတွေနဲ့ ခေတ်ဟောင်း အသုံးအဆောင်ပစ္စည်းလေးတွေက ခေတ်ဟောင်းရုပ်ရှင်တွေထဲက မြင်ကွင်းမျိုးလေးကို ခံစားရစေမှာဖြစ်ပါတယ်။ ထမင်းစား စားပွဲခုံအဝိုင်းလေးတွေ၊ ကြွေရည်သုပ် ရေနွေးကရားအိုး၊ ကြွေရည်သုပ် ပန်းကန်လေးတွေနဲ့ အစားအသောက်ပြင်ဆင်ပေးတာက မိသားစု ထမင်းစားဝိုင်းလေးတစ်ခုလို နွေးထွေးမှုကို ရစေပါတယ်။ "ဆိုင်မှာသုံးမယ့် လက်မှုပစ္စည်းလေးတွေ အတွက်အချိန်ယူပြီး သေချာစုခဲ့တယ်။ ရုပ်သေးရုပ်လေးတွေဆိုလည်း ပုဂံကနေမှာတယ်။ ကြွေရည်သုပ်ပန်းကန်လေး တွေဆို တစ်နေရာထဲကနေမရလို့ တခြားကနေ သေချာလေး လိုက်ဝယ်ခဲ့တယ်။ ပစ္စည်းစုတာအတွက် အချိန်(၃)လလောက်ပေးပြီး သေချာလေးပြင်ဆင်ခဲ့ပါတယ်လို့" မယဉ်ငြိမ်းကပြောပါတယ်။

ဆိုင်ဖွင့်တာ မကြာသေးပေမယ့် စားသုံးသူတွေရဲ့နှစ်သက်မှုကိုရရှိနေတဲ့ ဆိုင်လေး

ဆိုင်ဖွင့်တာ နှစ်ပတ်ဝန်းကျင်ပဲရှိသေးပေမယ့် ဒီဆိုင်လေးကို စိတ်ဝင်တစား လာရောက် အားပေးကြပြီး ပိတ်ရက်တွေဆိုရင်တာ့ မိသားစုလိုက်၊ အပေါင်း အသင်းတွေအုပ်စုလိုက်လာစားကြတယ်လို့ မယဉ်ငြိမ်းက ဆိုပါတယ်။ အညာအကြော်စုံ၊ ကျောက်ပန်းတောင်းမုန့်ပျားသလက်၊ မုန့်ပေါင်း၊ ဂျုံယိုနဲ့ ချင်းရိုးရာအစားစာဖြစ်တဲ့ ဆာဗူးသီး တို့ကတော့ ဒီဆိုင်လေးရောက်ရင် စားကြည့်သင့်တဲ့ အစားအစာတွေပါ။

ဆိုင်မှာရနိုင်တဲ့အညာစာနဲ့တိုင်းရင်းသားအစားအစာများ

စစ်ကိုင်းလမ်းရိုးရာအစားအစာ ဆိုင်လေးမှာ အဓိကရနိုင်တာကတော့ အညာဒေသအစားအစာ၊ ရှမ်းအစားစာနဲ့ တိုင်းရင်းသားရိုးရာအစားစာတွေ ရရှိနိုင်ပါတယ်။ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ ထမင်းဆီစမ်း၊ ဆာဗူးသီး၊ ချင်းရိုးရာ ချဉ်ငံစပ်ဆန်ပြုတ်၊ နို့အေးချောင်း ရေခဲခြစ် တို့အပါအဝင် အစားအစာအမျိုးအစားပေါင်း (၃၀) ကျော်လောက် ရနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အနည်းဆုံး (၆၀၀)ကျပ်ကနေ အများဆုံး (၆၀၀၀) ကျပ်ဝန်းကျင်ဖြစ်ပါတယ်။

စစ်ကိုင်းလမ်းရိုးရာအစားအစာဆိုင်လေး သွားချင်သူတွေအတွက်

စစ်ကိုင်းလမ်းရိုးရာအစားစာဆိုင်လိပ်စာကတော့ အမှတ် ၁၅၉၊ (၂၈)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ က.ပ.ရ မှတ်တိုင်အနီး မြောက်ဒဂုံမြို့နယ်ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် (၆) နာရီကနေ ညနေ(၆)နာရီ အထိဖြစ်ပြီး အပတ်စဉ်  အင်္ဂါနေ့တိုင်းဆိုင်ပိတ်ပါတယ်။ရိုးရာအစားအစာနဲ့ တိုင်းရင်းသားဒေသအစားအစာတွေကို ကြိုက်နှစ်သက်ပြီး မြန်မာမှုဆန်တဲ့ ဆိုင်အပြင်အဆင်လေးတွေ သဘောကျသူတွေအတွက် စစ်ကိုင်းလမ်းရိုးရားအစားအစာဆိုင်လေးကို သွားရောက်မြည်းစမ်းကြည့်ဖို့ ညွှန်းပေးလိုက်တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က