ရိုးမားဟာ ဒီနေ့ညမှာ ကစားမယ့် ကယ်ဂလီယာရီနဲ့ အဝေးကွင်းပွဲစဉ်မှာသာ ထပ်မံရှုံးနိမ့်ခဲ့မယ်ဆိုရင် နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်ဖို့ ပြင်ဆင်ထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ ရိုးမားဟာ ဒီရာသီ စီးရီးအေအဖွင့်မှာ အခြေအနေမကောင်းတဲ့ အသင်းတစ်သင်းပါ။
ရိုးမားအနေနဲ့ ဒီရာသီ စီးရီးအေပွဲစဉ် (၇) ပွဲအထိ ကစားပြီးချိန်အထိ ခြေစွမ်းနဲ့ ရလဒ်ပိုင်း တည်ငြိမ်မှု မရှိသေးဘဲ အဆင့် (၁၃) နေရာမှာသာ ရပ်တည်နေရပါတယ်။ ဒီနေ့ညမှာတော့ စီးရီးအေအဝေးကွင်းပွဲတစ်ပွဲအဖြစ် ကယ်ဂလီယာရီအိမ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။
အီတလီအခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ရိုးမားတာဝန်ရှိသူတွေဟာ ကယ်ဂလီယာရီနဲ့ပွဲမှာသာ ထပ်မံ ရလဒ်ဆိုးခဲ့မယ်ဆိုရင် မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်သွားဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ မော်ရင်ဟိုနဲ့ ရိုးမားတို့ရဲ့ စာချုပ်သက်တမ်းကတော့ လာမယ့်နွေရာသီမှသာ ကုန်ဆုံးမှာဖြစ်ပါတယ်။
ဒါပေမယ့် အသင်းတာဝန်ရှိသူတွေဟာ အသင်းရဲ့ ဒီရာသီ စီးရီးအေအဖွင့် ရလဒ်ပိုင်းတွေကို စိတ်ပျက်နေကြပါတယ်။ အဲ့ဒါကြောင့်လည်း အသင်းရဲ့ တိုးတက်မှု အခြေအနေကို ဆက်တိုက် စောင့်ကြည့်နေပြီး မော်ရင်ဟိုအတွက် အန္တရာယ်များတဲ့ အနေအထားတစ်ခုကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရိုးမားက ယူရိုပါလိဂ်အုပ်စုအဆင့်မှာ (၂) ပွဲကစား၊ (၂) ပွဲအနိုင် ရလဒ်ကို ရရှိထားပါတယ်။ ဒါပေမယ့်လည်း ဒီရလဒ်ပိုင်းက ရိုးမားအတွက် လုံလောက်မှုမရှိဘဲ စီးရီးအေမှာ ရလဒ်ဆိုးတွေကနေ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ လိုအပ်နေပါတယ်။ ရိုးမားဟာ ဒီနေ့ည ကယ်ဂလီယာရီကိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဒီရာသီ စီးရီးအေမှာ ပထမဆုံး အဝေးကွင်းနိုင်ပွဲကို ရရှိနိုင်မှာပါ။